ပနားမားရှိ ထိုင်ဝမ်သံရုံးတွင် နှုတ်ဆက်ပွဲပြုလုပ်ကာ နိုင်ငံအလံသိမ်းဆည်း

ပနားမားရှိ ထိုင်ဝမ်သံရုံးတွင် နှုတ်ဆက်ပွဲပြုလုပ်ကာ နိုင်ငံအလံသိမ်းဆည်း

ပနားမား၊ ဇွန် ၁၅ ။           ။ ပနားမားနိုင်ငံသည် တရုတ်ပြည်မကြီးနှင့်သာ သံတမန်ဆက်သွယ်မှုထူထောင်ဖို့ ကြေညာခဲ့သောကြောင့် ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးကို ဖြတ်တောက်ခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် ထိုင်ဝမ်သံတမန် ကိုယ်စားလှယ်အဖွဲ့က ပနားမားနိုင်ငံအတွင်းရှိ ထိုင်ဝမ်သံရုံးမှ နိုင်ငံအလံကိုသိမ်းဆည်းခဲ့ကာ သီးသန့်နှုတ်ဆက်ပွဲ ပြုလုပ်ခဲ့သည်။

ပနားမားမြို့တော်၏ အချက်အခြာကျသော နေရာတွင်တည်ရှိသည့် ထိုင်ဝမ်သံရုံးအဆောက်အဦး၏ အမိုးပေါ်၌ နှုတ်ဆက်ပွဲကို ကျင်းပခဲ့ပြီး သတင်းဌာနများကို ဖိတ်ကြားခြင်းမရှိဘဲ ပနားမားနိုင်ငံအတွင်းရှိ ထိုင်ဝမ်နိုင်ငံသား များနှင့် သံတမန်ကိုယ်စားလှယ်များသာ သီးသန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုင်ဝမ်အစိုးရက ပနားမား၏ ဆုံးဖြတ်ချက်သည် မျှတမှုမရှိကြောင်းနှင့် ပနားမားနိုင်ငံအတွင်းရှိ သံရုံးမှ ဝန်ထမ်း များအားလုံးကို ပြန်လည်ခေါ်ဆောင်မည်ဖြစ်ကာ နှစ်နိုင်ငံကြား ပူးတွဲလုပ်ဆောင်မည့် လုပ်ငန်းများနှင့် အကူအညီများကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ပြောခဲ့သည်။

ပနားမားသမ္မတ ဟွမ်ကားလို့စ်ဗာရီလာသည် တရုတ်အစိုးရက သူပုန်ပြည်နယ်ဟု သတ်မှတ်ထားသော ထိုင်ဝမ် နိုင်ငံနှင့် အဆက်အဆံဖြတ်တောက်ပြီး တရုတ်နိုင်ငံနှင့်သာ သံတမန်ဆက်သွယ်မှု ထူထောင်ဖို့ တနင်္လာနေ့ညက ကြေညာခဲ့သည်။

အာရှအင်အားကြီးနိုင်ငံဖြစ်သော တရုတ်တို့သည် ပနားမားတူးမြောင်းကို ဒုတိယမြောက်အသုံးပြုမှု အများဆုံး နိုင်ငံဖြစ်ပြီး လွတ်လပ်စွာကုန်သွယ်ရေးဇုန်၌ အဓိကကုန်သွယ်သူများ ဖြစ်ကြသောကြောင့် တာဝန်ရှိသော သမ္မတတစ်ဦးအနေဖြင့် တရုတ်နိုင်ငံကို ပစ်ပယ်ထား၍မရကြောင်း ဗာရီလာက ပြောခဲ့သည်။

ဗာရီလာ၏ ကြေညာချက်အပြီး တစ်နာရီအကြာတွင် ပနားမားနှင့် တရုတ်မှ နိုင်ငံခြားရေးဝန်ကြီးများဖြစ်ကြသော အစ္စဘယ်ဒီစိန့်မယ်လို နှင့် ဝမ်ရီ တို့သည် သံတမန်ဆက်ဆံရေး အသစ်ကို ထူထောင်ခဲ့ကြပြီး နှစ်နိုင်ငံကြား ခရီးသွားလာရေး၊ လယ်ယာစိုက်ပျိုးရေး၊ ပင်လယ်ရေကြောင်းသွားလာမှုနှင့် ပညာရေးကိစ္စတို့တွင် အပြန်အလှန် အကျိုးရှိစွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။

ပနားမားနိုင်ငံ၏ သံတမန်အဆက်အသွယ် ဖြတ်တောက်ခြင်းကို ခံခဲ့ရသော ထိုင်ဝမ်အနေဖြင့် ကမ္ဘာပေါ်တွင် ၎င်းတို့နှင့် သံတမန်အဆက်အသွယ်ရှိသော နိုင်ငံ ၂၀ခန့်သာ ကျန်ရှိတော့ပြီး ထိုထဲမှ ၁၁ နိုင်ငံမှာ လက်တင် အမေရိကနိုင်ငံများ ဖြစ်ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly