ရခိုင်က ရေဘေးဒုက္ခသည် ၂၅,၀၀၀ ခန့်မှာ မသန့်ရှင်းသော ရေကြောင့် ဝမ်းပျက်ရောဂါ ဖြစ်ပွားနိုင်

ရခိုင်က ရေဘေးဒုက္ခသည် ၂၅,၀၀၀ ခန့်မှာ မသန့်ရှင်းသော ရေကြောင့် ဝမ်းပျက်ရောဂါ ဖြစ်ပွားနိုင်
ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ပုဏ္ဏားကျွန်း မြို့နယ်က ရေဘေးဒုက္ခသည်တွေကို တွေ့ရစဉ်။ (ဓာတ်ပုံ- သန်းအောင်)

ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် အနောက်ဘက်ပိုင်းတွင် သတ်မှတ်ရေထက် အမြင့်ပေ ၇ ပေမှ ၁၀ ပေထိ ရေလွှမ်းမိုးခဲ့သောကြောင့် ကျေးရွာများရှိ ရေကန်များ အားလုံး နစ်မြုပ်သွားပြီး ရေဘေးဒုက္ခသည် ၂၅,၀၀၀ ခန့်မှာ သောက်ရေ မသန့်ရှင်းသောကြောင့် ဝမ်းပျက်ရောဂါ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ 
 
လက်ရှိတွင် ရေကျသွားသော်လည်း လူနေအိမ်များကို ပြန်လည်ပြုပြင်နေရသောကြောင့် ဒုက္ခသည်များမှာ အိမ်မပြန်နိုင်သေးကြောင်း၊ ယင်းအပြင် ကျေးရွာများရှိ ရေကန်များမှာ မြစ်ရေနှင့် တောင်ကျရေ စီးဝင်သွားသောကြောင့် သောက်ရေ အခက်အခဲရှိမည်ကို စိုးရိမ်၍ အဆိုပါ ဒုက္ခသည်များကို နေရပ်သို့ ပြန်မပို့သေးကြောင်း ကျောက်တော်မြို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က တာဝန်ခံ ဦးထွန်းလှက ပြောကြားသည်။
 
“ဒုက္ခသည်တွေက မပြန်သေးဘူး။ ကျနော်တို့က သူတို့ပြန်တာနဲ့ နေဖို့ထိုင်ဖို့ နေရာနဲ့ အဓိက ဝမ်းရောဂါ ဖြစ်နိုင်တာကြောင့် လောလောဆယ် ထားပါသေးတယ်။ ပြီးတော့ တိရိစ္ဆာန်တွေရဲ့ ရောဂါတွေ ကူးစက်မှာကို စိုးရိမ်လို့ပါ။ သူတို့ပြန်ချင်ရင်လည်း ရပါတယ်။ ကျွန်တော်တို့ကတော့ ပြန်ရင် ရေက မသန့်ရှင်းတော့ သောက်ရေ အခက်အခဲရှိမှာ စိုးရိမ်လို့ပါ။ ” ဟု ပြောသည်။
 
ဘူးသီးတောင် မြို့တွင်လည်း ရေဘေးဒုက္ခသည် ၄၀၀ ခန့်မှာ သောက်သုံးရေ အခက်အခဲကြောင့် နေရပ်သို့ မပြန်ရဲဘဲ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် ဆက်လက်ခိုလှုံနေရကြောင်း ဘူးသီးတောင် မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးထွန်းအောင်သိန်းက ဆိုသည်။
 
မြောက်ဦး၊ မင်းပြားရှိ ဒုက္ခသည် ၂ သောင်းကျော်မှာလည်း ကျန်းမာရေး စောင့်ရှောက်မှုမရှိ၍ ဖျားနာသူများရှိနေပြီး၊ သောက်သုံးရေမှာ ယခုလက်ရှိ အကူအညီပေးအဖွဲ့အစည်းများကြောင့် ရေသန့်ကို သောက်သုံးနေပြီး ယင်းအကူအညီများမှာလည်း ရေရှည်မဟုတ်သောကြောင့် မသန့်ရှင်းသော ရေကို သောက်ပြီး ရောဂါရဖြစ်မည်ကို စိတ်ပူပင်နေကြသည်။
 
အဆိုပါ ရေကြီးမှုကြောင့် ထွက်ပြေးလာသော ဒုက္ခသည်များတွင် ကိုယ်ဝန်ဆောင် မိခင်များ ပါဝင်နေ၍ ဆေးရုံ၊ ဆေးခန်းများမှာလည်း ပိတ်ထားသောကြောင့် ကလေးမွေးရန် အခက်အခဲရှိနေကြကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly