တပ်မတော်လေယာဉ်ပျက်ကျမှုမှ ရုပ်အလောင်း သုံးပုံ ၂ ပုံခန့်အထိ ရှာဖွေတွေ့ရှိလာ

တပ်မတော်လေယာဉ်ပျက်ကျမှုမှ ရုပ်အလောင်း သုံးပုံ ၂ ပုံခန့်အထိ ရှာဖွေတွေ့ရှိလာ
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဇွန် ၁၃ ။                ။ ယနေ့နံနက် ၁၀ နာရီခွဲအထိ တပ်မတော်ပျက်ကျလေယာဉ်မှ  စုစုပေါင်း ၈၆ လောင်း ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်၍ လိုက်ပါလာသူများအနက် သုံးပုံ ၂ ပုံခန့်အထိ ရုပ်အလောင်းများ တွေ့ရှိရခြင်းဖြစ်သည်။

မောင်းမကန်-မရင်းကြီး ကမ်းခြေတစ်လျှောက် ရှာဖွေရေးလုပ်ဆောင်နေသည့် မြေပြင်တပ်များက အမျိုးသားရုပ်အလောင်း ၁ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် ယခုအချိန်အထိ စုစုပေါင်းရုပ်အလောင်း ၈၆ လောင်း ရှာဖွေတွေ့ရှိပြီးဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

တပ်မတော်သားမိသားစုဝင်တွေ လိုက်ပါလာသော စုစုပေါင်း လူ ၁၂၂ ဦးလိုက်ပါလာသော တပ်မတော်ပို့ဆောင်ရေးလေယာဉ်သည် ဇွန်လ ၇ ရက်က ပင်လယ်ထဲ ပျက်ကျခဲ့ခြင်းဖြစ်သည်။

လက်ရှိ ရှာဖွေတွေ့ရှိရသော ရုပ်အလောင်းများထဲတွင် ကလေးရုပ်အလောင်း ၁၅ လောင်း၊ အမျိုးသမီးရုပ်အလောင်း ၂၀ လောင်း၊ အမျိုးသားရုပ်အလောင်း ၃၈ လောင်း ရှာဖွေတွေ့ရှိခဲ့ပြီး တပ်မတော်အရာရှိ ၄ ဦးနှင့် စစ်သည် ၉ ဦး ပါဝင်ကြောင်း ဂလိုဘယ်နယူးစ်လိုက်ဖ်အော့ဖ်မြန်မာသတင်းစာတွင် ဖော်ပြထားကာ ကျား၊မ အမျိုးအမည်ခွဲခြားမရသော ရုပ်အလောင်း ၂ လောင်းပါဝင်သည်ဟု သိရသည်။

ယမန်နေ့ ဇွန်လ ၁၂ ရက်အထိ တွေ့ရှိရသော ရုပ်အလောင်းများထဲမှ ရုပ်အလောင်း ၃၅ လောင်းအား မီးသဂြိုဟ်ခဲ့ပြီး ဖြစ်သည်။

လေယာဉ်ပျက်ကျခဲ့သည့် နေရာတစ်ဝိုက်၌ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များ၊ တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များ၊ ဒေသခံငါးဖမ်းစက်လှေများဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်ထိ အသက်ရှင်ကျန်ရစ်သူ ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly