YZ အဆိုတော် တေးစီးရီးမိတ်ဆက်ပွဲတွင် ခိုက်ရန်ဖြစ်ပွားရာမှ လူသတ်မှုဖြစ်ပွား

YZ အဆိုတော် တေးစီးရီးမိတ်ဆက်ပွဲတွင် ခိုက်ရန်ဖြစ်ပွားရာမှ လူသတ်မှုဖြစ်ပွား
ဓာတ်ပုံ - မန္တလေးတိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဇွန်လ ၁၂ ။        ။ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေးစီမံကိန်းဝန်း၊ အိုးရှင်းစူပါစင်တာ ပရိုမိုးရှင်း ဧရိယာတွင် ပြုလုပ်သော YZ အဆိုတော် တေးစီးရီး မိတ်ဆက်ပွဲတွင် လာရောက်ကြည့်ရှုသူများ ခိုက်ရန်ဖြစ်ပွားရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဇွန်လ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ တေးစီးရီးမိတ်ဆက်ပွဲကို ဇွန်လ ၁ဝ ရက်၊ ည ၈ နာရီတွင် ပြုလုပ်နေစဉ် လာရောက်ကြည့်ရှုသော ချမ်းအေးသာစံမြို့နယ်နေ အောင်ကိုကို၊ နိုင်ထွန်းဝင်း၊ ဇေယျာထွန်း၊ လင်းထက်ရှိန် ဆိုသူတို့ လေးဦးနှင့် အောင်မြေသာစံမြို့နယ်တွင် နေထိုင်သည့် ညီညီလင်းမောင်ဆိုသူတို့ ပရိုမိုးရှင်းဧရိယာ လျှောက်လမ်းတွင် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခိုက်ရန်ဖြစ်ပွားရာတွင် အောင်ကိုကိုဆိုသူအပါ လေးဦးက ညီညီလင်းမောင်ဆိုသူအား ဝိုင်းဝန်းထိုး ကြိတ်သဖြင့် ညီညီလင်းမောင်တွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဖူးရောင်ဒဏ်ရာရရှိခဲ့ပြီး မန္တလေး ဆေးရုံကြီး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသပေးနေစဉ် ည ၈ နာရီ ၄၅ အချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းအမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်ခဲ့သူ အောင်ကိုကိုပါ လေးဦးအား အခင်းဖြစ်ပွားစဉ် အသုံး ပြုခဲ့သော အရှည်နှစ်ပေရှိ စတီးပိုက်ချောင်း တစ်ချောင်းနှင့်အတူ အခင်းဖြစ်ပွားနေရာ၌ ဖမ်းဆီးရမိခဲ့သဖြင့် မန္တလေးတိုင်းဒေသကြီး အမှတ်-၁၁ နယ်မြေရဲ စခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly