ရန်ကုန်ရေကြီးရေလျှံ မဖြစ်စေရေး ကန်ဒေါ်လာသန်းတစ်ရာ သုံးမည်

ရန်ကုန်ရေကြီးရေလျှံ မဖြစ်စေရေး ကန်ဒေါ်လာသန်းတစ်ရာ သုံးမည်
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

ရန်ကုန် ၊ ဇွန် ၁၀ ။           ။ ရန်ကုန်မြို့အတွင်းရှိ ရေကြီးရေလျှံမှု ဖြစ်နေသည့် မြောင်းများကို ပြင်ဆင်ရန် ကမ္ဘာ့ဘဏ်မှ ကူညီပေးမည့် အမေရိကန် ဒေါ်လာ ၁၂၅ သန်းထဲမှ သန်း ၁၀၀ ကို သုံးစွဲသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

ယမန်နေ့က ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တစ်နှစ်တာ ဆောင်ရွက်ချက်မျာနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

"လာမယ့်ပွင့်လင်းရာသီမှာ ရေကြီးရေလျှံမှုဖြစ်နေတဲ့မြောင်းတွေကို ပြင်ဆင်နိုင်ဖို့အတွက် သန်းတစ်ရာသုံးစွဲသွားနိုင်ဖို့ စီမံချက်ရေးဆွဲထားပြီးဖြစ်ပါတယ်" ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျပ်ငွေ ၁ဘီလီယံ သုံးစွဲပြီး မြောင်းရှင်းလင်းရေးလုပ်ငန်းများကို ပုဂ္ဂလိကအား တာဝန်ယူစေပြီး ဆောင်ရွက်ခဲ့သော်လည်း မိုးရွာသွန်းမှုများပြားပါက ရန်ကုန်မြို့အတွင်းရှိ မြောင်းများအား ရေဆွဲချနိုင်ရန် မလုံလောက်သေးကြောင်း ဦးဖြိုးမင်းသိန်းက ထည့်သွင်းပြောဆို သွားခဲ့သည်။

ပြီးခဲ့တဲ့တစ်ပတ်က ရန်ကုန်မြို့မှာ မိုးရွာသွန်းမှုများတာကြောင့် ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး တာမွေ၊ မြေနီကုန်း၊ လှိုင်၊ မင်္ဂလာတောင်ညွန့် တို့တွင် ရေနစ်မြှုပ်မှုများ ဖြစ်ပေါ်ခဲ့သည်။

ရန်ကုန်မြို့၏ မြို့တော်ဝန် ဦးမောင်မောင်စိုးကတော့ "မိုးအရမ်းမရွာဖို့ မိုးရပ်ပါတော့ပဲ ဆုတောင်းရတော့တယ်" ဟု ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly