နိုင်ငံတော်သမ္မတ အမိန့်ဖြင့် လွတ်မြောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၃ ဦး နေရပ်ပြန်

နိုင်ငံတော်သမ္မတ အမိန့်ဖြင့် လွတ်မြောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၃ ဦး နေရပ်ပြန်
ဓာတ်ပုံ-ဘင်္ဂလားဒေ့ရှ်သံရုံး

ရန်ကုန် ၊ ဇွန် ၁၀ ။                 ။ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၃ ဦး နေရပ်ပြန်နိုင်ရန် အစီအစဉ်များ ဆောင်ရွက်နေပြီ ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် သံရုံးက ဇွန်လ ၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် ဘင်္ဂလားဒေ့ရ်ှသံရုံးမှ တောင်းဆိုခဲ့ပြီးနောက် ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အထူးအမိန့်ဖြင့် ပြစ်ဒဏ် ကင်းလွတ်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါဘင်္ဂလားဒေ့ရှ် အကျဉ်းသား ၃၃ ဦးသည် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့မှုဖြင့် အကျဉ်းကျခံခဲ့ရခြင်း ဖြစ်ပြီး အဆိုပါ ၃၃ ဦးအနက် ၅ ဦးကို ရန်ကုန်မှတဆင့် ဘင်္ဂလားဒေ့ရ်ှ နိုင်ငံ ၊ ဒါကာမြို့သို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယင်းအပြင် ကျန်ရှိနေသူများကို လာမည့် ဇွန်လ ၁၅ ရက်နေ့တွင် Taungbro နယ်စပ်ဂိတ်မှတဆင့် မူလနေရပ်သို့ ပြန်ပို့ပေးရန် စီစဉ်ထားပြီး လိုအပ်သည့်ကိစ္စရပ်များကို ဘင်္ဂလားဒေ့ရှ်   ကောင်စစ်ဝန်နှင့် မြန်မာနယ်ခြားစောင့်တပ်တို့အကြား ညှိနှိုင်းမှုများ ဆောင်ရွက်ထားပြီး ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံဘက်မှ အဆိုပါလွတ်ငြိမ်းချမ်းသာခွင့် မပေးမီ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းကလည်း ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲ ဝင်လာသော မြန်မာရေလုပ်သား ၉၂ ဦးကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အလားတူ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုများ ရှိခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly