လွှတ်တော်ကြားနာမှုမှာ FBI အကြီးအကဲဟောင်း လိမ်လည်ထွက်ဆိုခဲ့တယ်လို့ ဒေါ်နယ်ထရမ့် စွပ်စွဲ

လွှတ်တော်ကြားနာမှုမှာ FBI အကြီးအကဲဟောင်း လိမ်လည်ထွက်ဆိုခဲ့တယ်လို့ ဒေါ်နယ်ထရမ့် စွပ်စွဲ

ဇွန် ၁၀ ။             ။ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို FBI ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းစ် ကိုမီဟာ ပြီးခဲ့တဲ့ လွှတ်တော်ကြားနာမှုအတွင်း အလိမ်အညာစကားတွေသာ ထွက်ဆိုသွားခဲ့တယ်ဆိုပြီး သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၉ ရက်မှာ ထုတ်ဖော်စွပ်စွဲလိုက်ပါတယ်။

မဟုတ်မမှန်မထွက်ဆိုပါဘူးဆိုပြီး လွှတ်တော်မှာ ကျမ်းကျိန်ထားတာတောင်မှ ဂျိမ်းကိုမီဟာ အလိမ်အညာတွေထွက်ဆိုသွားခဲ့တယ်ဆိုပြီး ထရမ့်က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောသွားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်က လွှတ်တော်မှာ ဂျိမ်းကိုမီရဲ့ ကျမ်းကျိန်ထွက်ဆိုခဲ့မှုမှာတော့ ရွေးကောက်ပွဲအတွင်း ရုရှတို့ရဲ့ စွက်ဖက်နှောက်ယှက်မှုကိစ္စကို ကိုင်တွယ်ခဲ့တဲ့အတွက် ထရမ့်က မိမိကို ရာထူးကနေ ထုတ်ပစ်ခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့တာဖြစ်ပါတယ်။ အလားတူ သမ္မတ ထရမ့်ကိုလည်း လူလိမ်တစ်ဦးလို့ သမုတ်ခဲ့ပါသေးတယ်။

အထက်ပါ ကိစ္စနဲ့ပတ်သက်လို့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲအတွင်းမှာ ဒေါ်နယ်ထရမ့်က ၎င်းရဲ့ လက်ထောက်တွေအနေနဲ့ ရွေးကောက်ပွဲတုန်းက တစ်ဘက်လှည့်အသာရအောင်လို့ ရုရှနဲ့ ပေါင်းကြံခဲ့တာလည်း မရှိသလို ယင်းကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ ရပ်ဖို့ ပိတ်ပင်ခဲ့တာမျိုးလည်း မရှိကြောင်း ရည်ညွှန်းပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ " မကောင်းမှုလုပ်ဖို့ လျို့ဝှက်ကြံစည်တာလဲ မရှိဘူး၊  ဘယ်သူ့ကိုမှလည်း ပိတ်ပင်တားဆီးခဲ့တာလည်း မရှိဘူး" လို့ ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။

အလားတူ နှစ်ကိုယ်ကြားတွေ့ဆုံမှုအတွင်း ပြောဆိုဆွေးနွေးခဲ့တဲ့အကြောင်းတွေနဲ့ပတ်သက်လို့ ဂျိမ်းကိုမီဟာ သတင်းသမားတွေကို လိမ်လည်ထွက်ဆိုမှုတွေ လုပ်ခဲ့တယ်လို့လည်း ထရမ့်က ပြောသွားပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly