ဒီမိုကရက်တစ်ယူနီယံပါတီနှင့် ညွန့်ပေါင်းဖွဲ့ကာ အစိုးရဖွဲ့မည်ဖြစ်ကြောင်း ထရီဆာမေက ကြေညာ

ဒီမိုကရက်တစ်ယူနီယံပါတီနှင့် ညွန့်ပေါင်းဖွဲ့ကာ အစိုးရဖွဲ့မည်ဖြစ်ကြောင်း ထရီဆာမေက ကြေညာ

လန်ဒန်၊ ဇွန် ၁၀ ။             ။ မြောက်ပိုင်း အိုင်းရစ်ပါတီ၏ ထောက်ခံမှုဖြင့် ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ဇွန် ၉ ရက်က ကြေညာသည်။

ဗြိတိန် အထွေထွေရွေးကောက်ပွဲတွင် မည်သည့် ပါတီကြီးကမှ အစိုးရဖွဲ့လောက်အောင် မဲအနိုင်ရရှိခဲ့ခြင်း မရှိရာ ထရီဆာမေက လွှတ်တော်နေရာ အများစုရရှိရေးအတွက် လက်ယာယိမ်း မြောက်ပိုင်းအိုင်းရစ်ပါတီဖြစ်သော ဒီမိုကရက်တစ်ယူနီယံပါတီနှင့် ညွန့်ပေါင်းဖွဲ့သွားမည်ဟု ကြေညာခြင်းဖြစ်သည်။

“ကျွန်မတို့ရဲ့ ဘုရင်မကြီးနဲ့ ကျွန်မ သွားရောက်ခစားတွေ့ဆုံခဲ့ပြီးပါပြီ။ ပြီးတော့ ကျွန်မအနေနဲ့ အစိုးရ ဖွဲ့သွားမှာပါ။ ကျွန်မတို့နိုင်ငံအတွက် အရေးကြီးတဲ့ အချိန်အခါမှာ ဗြိတိန်ကို သေချာတဲ့ ဦးဆောင်မှုပေးနိုင်မယ့် အစိုးရကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်။”ဟု ၎င်းက ပြောသည်။

“ဒီမိုကရက်တစ်ယူနီယံပါတီက ကျွန်မတို့ မိတ်ဆွေတွေ၊ မဟာမိတ်တွေနဲ့ ဆက်ပြီး အလုပ်တွဲလုပ်သွားမှာဖြစ်ပါတယ်။”ဟု ထရီဆာမေက ပြောသည်။

ဇွန် ၈ ရက် ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီက လွှတ်တော်နေရာ ၃၁၈ နေရာ အနိုင်ရသော်လည်း အစိုးရဖွဲ့နိုင်ရေး လိုအပ်သည့် ၃၂၆ နေရာ အနိုင်ရရေးကို ပြည့်မီခြင်း မရှိရာ ဝက်စ်မင်စတာမဲဆန္ဒနယ်တွင် ဆယ်နေရာ အနိုင်ရသည့် ဒီမိုကရက်တစ်ယူနီယံပါတီနှင့် မဟာမိတ်ပြုပြီးမှ ညွန့်ပေါင်းအစိုးရ ဖွဲ့သွားနိုင်မည်ဖြစ်သည်။

ဝန်ကြီးချုပ် ထရီဆာမေက အီးယူမှ ဗြိတိန်နုတ်ထွက်ရေး ဆွေးနွေးပွဲများတွင် အများထောက်ခံမှု ပိုမိုရရှိရေးအတွက် ရွေးကောက်ပွဲကို စောလျင်စွာ ကျင်းပရန် ဧပြီလအတွင်းက ခေါ်ယူခဲ့ခြင်းဖြစ်သည်။

သို့သော် မဲရလဒ်အရ လွှတ်တော်တွင် ကွန်ဆာဗေးတစ်ပါတီက ယခင်က အမတ်နေရာ ၃၃၀ ရထားသည်ထက်ပင် ပို၍ နည်းပါးသွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly