မြောက်ကိုရီးယား၏ နောက်ဆုံးဒုံးကျည်စမ်းသပ်မှုက လုံခြံုရေးကို မခြိမ်းခြောက်နိုင်ဟု ဂျပန်ပြော

မြောက်ကိုရီးယား၏ နောက်ဆုံးဒုံးကျည်စမ်းသပ်မှုက လုံခြံုရေးကို မခြိမ်းခြောက်နိုင်ဟု ဂျပန်ပြော

တိုကျို၊ ဇွန် ၈ ။          ။ ဇွန် ၈ ရက်အစောပိုင်းက စမ်းသပ်ပစ်လွှတ်ခဲ့သည့် မြောက်ကိုးရီးယား၏ နောက်ဆုံးဒုံးကျည်စမ်းသပ်မှုသည် ဂျပန်နိုင်ငံလုံခြုံရေးကို မခြိမ်းခြောက်နိုင်ကြောင်း ဂျပန်အစိုးရက ပြောသည်။

မြောက်ကိုရီးယားနိုင်ငံသည် အရှေ့တောင်ပိုင်း ဝန်ဆန်ဝန်းကျင်မှ ဒုံးကျည်များကို နံနက်ပိုင်းက ပစ်လွှတ်ခဲ့ရာ မိုင် ၁၂၄ မိုင်အထိ ပျံသန်းရောက်ရှိပြီး ဂျပန်ပင်လယ်အတွင်း ကျရောက်ခဲ့ကြောင်း တောင်ကိုရီးယားနှင့် ဂျပန်နှစ်နိုင်ငံစလုံးက အတည်ပြုပြောသည်။

ဂျပန်အစိုးရ ထိပ်တန်းပြောခွင့်ရပုဂ္ဂိုလ် ယိုရှီဟီဒီဆူဂါးက ယခုမြောက်ကိုရီးယား၏ နောက်ဆုံးဒုံးကျည်စမ်းသပ်မှုသည် ဂျပန်၏ လုံခြုံရေးကို မခြိမ်းခြောက်နိုင်ဟု  ဆိုသည်။

ဂျပန်နိုင်ငံသည် တောင်ကိုရီးယားနှင့် အမေရိကန်တို့နှင့်အတူ သတင်းအချက်အလက်စုဆောင်းကာ သုတေသနပြုပြီး မြောက်ကိုရီးယား၏ နောက်ဆုံးဒုံးကျည်က မည်သည့်အမျိုးအစားများဖြစ်သည်ကို ဖော်ထုတ်နိုင်ရန်ကြိုးစားလျက်ရှိကြောင်း၊ နိမ့်နိမ့်ပျံသော ခရူဒုံးကျည်ဖြစ်နိုင်ပြီး ပဲ့ထိန်းအားပြင်းဒုံးကျည် ဖြစ်ပုံမရကြောင်း ၎င်းက ဖြည့်စွက်ဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအား ဒုံးကျည်နည်းပညာများစမ်းသပ်ခြင်းကို တားမြစ်ထားသည်။

သို့သော် မြောက်ကိုရီးယားနိုင်ငံသည် ၂၀၁၇ ခုနှစ်အတွင်းမှာပင် ဒုံးကျည် စမ်းသပ်မှု ဆယ်ကြိမ်ရှိခဲ့ရာ အရေးယူဆောင်ရွက်ရလိမ့်မည်ဖြစ်သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုကီရှီဒါက ပြောခဲ့သည်။

တစ်ချိန်တည်းတွင် ယင်းဒုံးကျည်အရေးဆွေးနွေးရန် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ဆိုးလ်မြို့၌ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly