မျိုးတုန်းအန္တရာယ်နှင့် ကြံုတွေ့နေရသော လင်းရှုးများကို ကာကွယ်ရန် မက္ကစီကိုသမ္မတနှင့် လီယိုနာဒိုပူးပေါင်း

မျိုးတုန်းအန္တရာယ်နှင့် ကြံုတွေ့နေရသော လင်းရှုးများကို ကာကွယ်ရန် မက္ကစီကိုသမ္မတနှင့် လီယိုနာဒိုပူးပေါင်း

အော်စကာဆုရမင်းသား လီယိုနာဒိုသည် မက္ကစီကိုသမ္မတ အင်းနရစ်ပီနာနီယက်တို၊ ဘီလျံနာ ကားလို့စ်စလင်း တို့နှင့် ပူးပေါင်း၍ ကယ်လီဖိုးနီးယား ပင်လယ်ကွေ့အပေါ်ပိုင်းရှိ ပင်လယ်တွင်း ဂေဟစနစ်ကိုစောင့်ရှောက်ပြီး မျိုးတုန်းအန္တရာယ်နှင့် ကြုံတွေ့ရနေရသော လင်းရှုးသတ္တဝါများကို ကာကွယ်ရန် သဘောတူညီချက်၌ လက်မှတ် ရေးထိုးခဲ့သည်။

ယင်းသဘောတူညီချက်အရ သမ္မတ အင်းနရစ်ပီနာနီယက်တို၊ ဘီလျံပေါင်းများစွာ ကြွယ်ဝချမ်းသာသော ကားလို့စ်စလင်းနှင့် လီယိုနာဒို တို့သည် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပြီး စလင်းနှင့် လီယိုနာဒိုတို့၏ ဖောင်ဒေးရှင်းများက ငွေကြေးဖြင့် ပံ့ပိုးကူညီသွားမည်ဖြစ်သည်။

ထိုလင်းရှုးများသည် ပင်လယ်ကွေ့အပေါ်ပိုင်း၌ နေထိုင်ကြသော ရေနေသတ္တဝါများဖြစ်ကြပြီး လက်ရှိအချိန်တွင် အကောင်ရေ ၃၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

သဘောတူညီချက်အရ လင်းရှုးသတ္တဝါများ၏ အသက်ရှင်နေထိုင်မှုကို ခြိမ်းခြောက်နေသော ငါးဖမ်းပိုက် အသုံး ပြုမှုများနှင့် တရားမဝင်ငါးဖမ်းမှုများကို ထိန်းကွပ်သွားမည်ဖြစ်သည်။ ထိုသဘောတူညီချက်ကို နာမည်ကျော် ပုဂ္ဂိုလ်သုံးဦးက ဗုဒ္ဓဟူးနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

“ဒီလုပ်ဆောင်ချက်ဟာ ကယ်လီဖိုးနီးယား ပင်လယ်ကွေ့ကြီး စိုစိုလွင်လွင်နဲ့ အကျိုးရှိအောင် လုပ်ဖို့အတွက် အလွန်ရေးပါတဲ့ ခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။ အထူးသဖြင့် မျိုးတုန်းအန္တရာယ်နှင့် ကြုံတွေ့နေရတဲ့ လင်းရှုး မျိုးစိတ်များကို ကာကွယ်ရာမှာ အရေးပါပါတယ်” ဟု လီယိုနာဒိုက ပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly