တောင်အာဖရိကနိုင်ငံ အနောက်ဘက်ကမ်းရိုး၌ မုန်တိုင်းတိုက်ခတ်မှုကြောင့် ၈ဦးသေဆုံး

တောင်အာဖရိကနိုင်ငံ အနောက်ဘက်ကမ်းရိုး၌ မုန်တိုင်းတိုက်ခတ်မှုကြောင့် ၈ဦးသေဆုံး

ကိပ်တောင်း၊  ဇွန် ၈ ။              ။ ကြမ်းတမ်းပြင်းထန်သော မုန်တိုင်းတစ်ခုသည် တောင်အာဖရိကနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း၌ ဗုဒ္ဓဟူးနေ့ က ဆက်တိုက် ထိုးနှက်တိုက်ခတ်ခဲ့ပြီး ကိပ်တောင်းမြို့ ဆိပ်ကမ်းကို ပိတ်ထားရကာ ရေကြီးမှုများနှင့် ကြီးမား သော ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

အင်္ဂါနေ့က စတင်တိုက်ခတ်ခဲ့သော မုန်တိုင်းသည် အဆောက်အဦးများကို ပျက်စီးစေခဲ့ပြီး သစ်ပင်များကိုလဲကျ စေခဲ့ကာ နေအိမ်ပေါင်း ၄၆၀၀၀ ခန့်သည် လျှပ်စစ်မီး ပြတ်တောက်ခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေးကိုလည်း ထိခိုက်စေခဲ့သောကြောင့် လေကြောင်းခရီးစဉ်များနှင့် မီးရထားခရီးစဉ်များကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

ကိပ်တောင်းမြို့အရှေ့ပိုင်းမှ အီဒင်ခရိုင်အတွင်း၌ လူ၃ဦး သေဆုံးခဲ့ပြီး မိုးကြိုးကြောင့် တောက်လောင်ခဲ့သော မီးကြောင့် ၄ဦး သေဆုံးခဲ့ကြောင်း ကိပ်တောင်းအနောက်ပိုင်း ဒေသတွင်း အစိုးရအဖွဲ့မှ   ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းစ်ဘရန့်စတိုင်ယန်က ပြောခဲ့သည်။ အခြားတစ်ဦးမှာ အဆောက်အဦးပြိုကျမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

မုန်တိုင်းသည် ကြာသာပတေးနေ့အထိ ကိပ်တောင်းမြောက်ပိုင်းနှင့် အနောက်ပိုင်းခရိုင်များတွင် ဆက်လက် တိုက်ခတ်ဦးမည်ဖြစ်ကြောင်း တောင်အာဖရိက မိုးလေဝသဌာနမှ ပြောခဲ့ပြီး ၁၂ မီတာခန့်မြင့်သော လှိုင်းလုံးကြီး များသည် ကိပ်ကျွန်းဆွယ်ကို သောကြာနေ့အထိ ဆက်လက်ရိုက်ခတ်ဦးမည်ဖြစ်ကြောင်း သိရသည်။

“မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးမှုများသည် ကိပ်အနောက်ပိုင်းဒေသတွင် ဗုဒ္ဓဟူးနေ့မှ ကြာသာပတေးနေ့ မနက်ပိုင်းအထိ ဆက်လက်ဖြစ်ပွားပါမည်” ဟု မိုးလေဝသဌာနမှ   ဖြည့်စွက်ပြောကြားခဲ့သည်။

ယခုတိုက်ခတ်နေသော ပြင်းထန်သည့် မုန်တိုင်းသည် တောင်အာဖရိက၌ နှစ်ပေါင်း ၃၀အတွင်း အဆိုးရွားဆုံး ဖြစ်ပွားခဲ့သော မုန်တိုင်းများထဲမှ တစ်ခုဖြစ်ပြီး ကိပ်တောင်းမြို့စွန် တဲပုတ်လေးများ ဒါဇင်နှင့်ချီသော လူများကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ရုံသာမက စာသင်ကျောင်းများ၊ တက္ကသိုလ်များကိုလည်း ပိတ်ထားရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly