The Voice သတင်းစာအမှု အာမခံ ပယ်ချခံရ

The Voice သတင်းစာအမှု အာမခံ ပယ်ချခံရ

ရန်ကုန် ၊ ဇွန် ၈ ။           ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တပ်မတော်ကနေ တရားစွဲဆိုခြင်းခံထားရသည့် The Voice နေ့စဉ်ထုတ် သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် သရော်စာဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင် တို့၏ အာမခံ လျှောက်ထားမှုကို ယနေ့မနက် ၁၀ နာရီဝန်းကျင်ခန့်က ဗဟန်းမြို့နယ်တရားရုံးတွင် ပြုလုပ်သည့် ရုံးချိန်း၌ ပယ်ချလိုက်သည်။

အာမခံလျှောက်ထားသည့် ဆေးစာမပြည့်စုံသည့်ခြင်းကြောင့် အာမခံ ပယ်ချခဲ့ခြင်းဖြစ်ပြီး နောက်တစ်ကြိမ် ရုံးချိန်းအား ဇွန်လ ၁၆ ရက်နေ့သို့ ပြန်လည် ချိန်းဆိုခဲ့သည်ဟု The Voice သတင်းစာ၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က တရားရုံးမှ အထွက်တွင် မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

ယနေ့ ဇွန်လ ၈ ရက်တွင် ရုံးထုတ်စစ်ဆေးခဲ့သည့် The Voice နေ့စဉ်ထုတ်သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် သရော်စာဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်တို့အား သတင်းမီဒီယာ ဦးရေ (၁၀၀) ဝန်းကျင်ခန့်က "သတင်းလွတ်လပ်ခွင့် ရှိရမည်"ဆိုသည့် စာတန်းများ ဝတ်ဆင်ကာ ဝန်းရံခဲ့ကြသည်။

မတ်လ ၂၆ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာတွင် ဖော်ပြပါရှိသည့် ကျည်ထောင်စုသစ္စာ အမည်ရ သရော်ဆောင်းပါးသည် တပ်မတော်အပေါ် ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည် ဆိုသည့် စွပ်စွဲချက်ဖြင့် The Voice နေ့စဉ်ထုတ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် သရော်စာဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်တို့အား တပ်မတော်မှ တရားစွဲဆိုထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly