ရုံးပိတ်ရက်တွင် ရုံးဖွင့်ရမန်ယူသည့်လုပ်ရပ်ကို စိစစ်ပေးရန် အနောက်ပိုင်းခရိုင်တရားရုံးသို့ The Voice စာပို့

ရုံးပိတ်ရက်တွင် ရုံးဖွင့်ရမန်ယူသည့်လုပ်ရပ်ကို စိစစ်ပေးရန် အနောက်ပိုင်းခရိုင်တရားရုံးသို့ The Voice စာပို့

ရန်ကုန်၊ ဇွန် ၇ ။          ။ တပ်မတော်က တရားလိုပြုကာ တရားစွဲဆိုခံထားရသည့် The Voice နေ့စဉ်ထုတ်သတင်းစာ အယ်ဒီတာချုပ်နှင့် ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်တို့ကို ပြီးခဲ့သည့် စနေနေ့ (ရုံးပိတ်ရက်)တွင် ရုံးဖွင့်ပြီး ယမန်ယူခဲ့သည့်အပေါ် စိစစ်ပေးရန် အနောက်ပိုင်းခရိုင်တရားရုံးသို့ စာပို့ထားကြောင်း The Voice သတင်းစာ၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က မဇ္ဈိမသို့ပြောသည်။

“အများပြည်သူငြိမ်ဝပ်မှုကိုပျက်ပြားစေတဲ့ ပြစ်မှုလည်းမဟုတ်ဘဲနဲ့ သာမန် အမှုကလေးတစ်ခုကို ရုံးပိတ်ရက် စနေနေ့မှာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ဆန့်ကျင်ပြီးတော့မှ တရားရုံးဖွင့်ပြီး ယမန်ယူခဲ့တဲ့အတွက် အဲ့တာ ဥပဒေနဲ့ မညီသော လုပ်ရပ်ဖြစ်တဲ့အတွက် ယမန်ထုတ်ပေးခဲ့တဲ့ ဗဟန်းမြို့နယ်တရားသူကြီး ဒေါ်သရဖီအောင်ကို လိုအပ်သလို စိစစ်ပြီးအရေးယူပေးဖို့ တင်ပြထားတယ်" ဟု ၎င်းကပြောဆိုသည်။

အဆိုပါ စိစစ်ပေးရန်တင်ပြစာကို အနောက်ပိုင်းခရိုင်တရားသူကြီး ဒေါ်ဆွေဆွေက ဇွန်လ ၅ရက် နေ့လယ်ပိုင်းတွင် လက်ခံခဲ့ပြီး နှုတ်ဖြင့်တင်ပြသည်ကိုလည်း တရားခွင်တွင်ရုံးထိုင်ကာ ကြားနာပေးခဲ့သည်ဟု သိရသည်။

ထို့အပြင် ဇွန်လ ၈ရက် ရုံးချိန်းတွင် ဥပဒေဖြင့်ညီညွှတ်ပါက အာမခံပေးရန် နှင့် အာမခံ မပေးပါက မည်သည့်အချက်ကြောင့် မပေးရသည်ကို တိတိကျကျဖော်ပြပြီး အမိန့်ချမှတ်ပေးရန်ကိုလည်း သက်ဆိုင်ရာတရားသူကြီးကို ညွှန်ကြားပေးမည်ဟု အနောက်ပိုင်းခရိုင်တရားသူကြီး ဒေါ်ဆွေဆွေက ပြန်လည် ပြောဆိုခဲ့ကြောင်း ဦးခင်မောင်မြင့်ကပြောသည်။

“ဒုတိယတစ်ချက်က ယမန်ပေးတဲ့နေ့မှာ ဦးကျောမင်းဆွေကနေ အာမခံလျှောက်တောင်းပါတယ်။ အာမခံတောင်းဆိုတဲ့အခါ တရားသူကြီးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) က အာမခံပေးလို့ရတဲ့အမှုမဟုတ်ဘူး။ မပေးဘူးဆိုပြီး ငြင်းပယ်ခဲ့ပါတယ်။ အဲ့ဒါကလည်း ပြဌာန်းဥပဒေတွေနဲ့ ဆန့်ကျင်နေပါတယ်"ဟု ၎င်းကပြောဆိုသည်။

ဆက်သွယ်ရေးဥပဒေတွင် ပုဒ်မ ၈၉ ခုပါ ရှိပြီး မည်သည့် ပုဒ်မတွင်မှ ၆၆ (ဃ) ဖြင့်အရေးယူပါက အာမခံမပေးရ ဆိုသည့် ပြဌာန်းချက်မပါရှိဟု ၎င်းကဆိုသည်။ ထို့အပြင် ဆက်သွယ်ရေးဥပဒေတွင် နည်းဥပဒေ ပြဌာန်းထားခြင်းမရှိသေးကြောင်းသိရသည်။

The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်တို့ကို ဗဟန်းမြို့မ ရဲစခန်း၌ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် ဇွန် ၂ ရက်က ဗဟန်းမြို့မရဲစခန်းမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဇွန် ၃ ရက်နေ့ စနေနေ့တွင် ရုံးထုတ်ကာ ချုပ်ရက် ယမန်ယူခဲ့ခြင်းလည်းဖြစ်သည်။

တပ်မတော်က ရိုက်ကူးခဲ့သည့် ပြည်ထောင်စုသစ္စာဇာတ်ကားကို အခြေခံ၍ သရော်ထားသည့် ကျည်ထောင်စုသစ္စာ သရော်စာကို မတ်လ ၂၆ ရက်ထုတ် The Voice သတင်းစာတွင် ဖော်ပြခဲ့သည်။

ယင်းဖော်ပြမှုကြောင့် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အချက်များ ပါဝင်နေသည်ဟုဆိုကာ တပ်မတော်က အယ်ဒီတာချုပ်ဦးကျော်မင်းဆွေနှင့် သရော်စာရေးသားသူ ဗြိတိသျှကိုကိုမောင်တို့အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ဗဟန်းရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်မှ တရားစွဲဆိုသည့်အပေါ် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေဖြင့်သာ ဆက်လက်ဆောင်ရွက်သင့်သည်ဟု မြန်မာနိုင်ငံသတင်းစာဆရာများအသင်း(MJA) က ဇွန် ၅ ရက်တွင် တောင်းဆိုထားသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) တွင် ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း(သို့မဟုတ်) ခြိမ်းခြောက်ခြင်းလုပ်သူများကို အရေးယူရန် ပြဌာန်းထားသည်။

ဥပဒေတွင် ယင်းပုဒ်မသည် အာမခံမရနိုင်ကြောင်း ဖော်ပြထားသေးသည်။ ထိုပုဒ်မအတွက် ပြစ်ဒဏ် သတ်မှတ်ချက်သည် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်း ပြဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags