အင်္ဂါဂြိုဟ်နှင့် လကမ္ဘာခရီးစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရန် ကမ္ဘာ့အာကာသအေဂျင်စီများ တရုတ်တွင် တွေ့ဆုံ

အင်္ဂါဂြိုဟ်နှင့် လကမ္ဘာခရီးစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရန် ကမ္ဘာ့အာကာသအေဂျင်စီများ တရုတ်တွင် တွေ့ဆုံ

ပေကျင်း၊ ဇွန် ၇ ။                 ။ ထင်ရှားသော အာကာသယာဉ်မှူးများ ခြံရံလျက် ကမ္ဘာတစ်လွှားက အာကာသအေဂျင်စီများမှ ဒါရိုက်တာများက လကမ္ဘာနှင့် အင်္ဂါဂြိုဟ် အနာဂတ်ခရီးစဉ်များတွင် ပူးပေါင်းဆောင်ရွက်သွားရေး ပေကျင်းတွင် ကျင်းပသော နှစ်ရက်တာ ညီလာခံကို ဇွန် ၆ ရက်က တက်ရောက်ခဲ့ကြသည်။

ညီလာခံအား တရုတ်ဒုတိယသမ္မတ လီယန်းချောင်က ဖွင့်လှစ်ပြီး ဥရောပအာကာသအေဂျင်စီ စီအီးအို ဂျင်ဝူးနားနှင့် နိုင်ငံတကာအာကာသယာဉ်မှူးများအဖွဲ့အစည်းခေါင်းဆောင် ဂျင်းလီဂေါတို့အပြင် အာကာသယာဉ်မှူးများဖြစ်ကြသော ဘုဇ်အယ်ဒရင်း(အမေရိကန်)၊ ယန်လီဝီ(တရုတ်)နှင့် ဆာဂျေးခရီကာလက်(ရုရှ)တို့လည်း ပါဝင်တက်ရောက်သည်။

ညီလာခံတွင် အာကာသအတွင်း လူသားများ ရင်ဆိုင်ရသည့် စိန်ခေါ်မှုများကို သုတေသန ဆွေးနွေးမည်ဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ညီလာခံသို့ ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောရာတွင် တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ အာကာသလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် တိုးမြှင့်ပူးပေါင်းသွားရေး ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။

လကမ္ဘာစူးစမ်းရေးကို အဓိကထားပြောဆိုသည့် ဝူးနားက လာမည့်ဆယ်နှစ်အတွင်း လကမ္ဘာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုနှင့်အတူ သာမန်လူပင် လသို့ သွားလာနိုင်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ထီးတည်းရပ်တည်တဲ့ အစွဲအလမ်းတွေကို နုတ်ဆက်ဖို့ လိုအပ်တယ်။”ဟုလည်း ဂျာမနီသိပ္ပံပညာရှင် ဝူးနားက ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly