ရေကြီးမှုများကြောင့် လွှတ်တော်ကျင်းပမည့်ရက် ရွှေ့ဆိုင်း

ရေကြီးမှုများကြောင့် လွှတ်တော်ကျင်းပမည့်ရက် ရွှေ့ဆိုင်း
ဓာတ်ပုံ -မင်းမင်း၊ မဇ္ဈိမ

နေပြည်တော် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေခြင်းကြောင့် ယခုလ ၁၀ရက်တွင် ပြန်လည်ကျင်းပရန် လျာထားသည့် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို ရွှေ့ဆိုင်းလိုက်ကြောင်း လွှတ်တော်ရုံး အရာရှိတစ်ဦးက အတည်ပြု ပြောသည်။
 
ယခုကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်းမှာ ရေကြီးမှုများဖြစ်ပေါ်နေသည့် ဒေသများမှ လွှတ်တော်အမတ်တို့ နေပြည်တော်သို့ အချိန်မှီလာရောက်ရန် အခက်အခဲရှိခြင်းနှင့် သက်ဆိုင်ရာဒေသများတွင် ကူညီမှုများပြုလုပ်နိုင်ရန်ဖြစ် သည်ဟု ၎င်းက ပြောသည်။
 
ပြန်လည် ကျင်းပမည့်ရက်ကိုမူ အတိအကျ ပြောဆိုခြင်းမရှိသေးပေ။
 
လက်ရှိတွင် မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ် ၁၄ခုအနက် ၁၂ခုအတွင်းရှိ မြို့နယ်အချို့မှာ ရေကြီးမှုများနှင့် ကြုံတွေ့နေရပြီး ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းနေကြရကာ ရေကြီးမှုကြောင့် အနည်းဆုံး လူပေါင်း ၄၀ကျော် သေဆုံးခဲ့ရပြီးဖြစ်သည်။
 
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စာရင်းများအရ သီးနှံစိုက်ဧက ၈သိန်းကျော်မှာလည်း ရေကြီးနစ်မြုပ်နေသည်။
 
လက်ရှိအစိုးရသက်တမ်း၏ နောက်ဆုံးအကြိမ်မြောက် လွှတ်တော်အစည်းအဝေးဖြစ်သော ပထမအကြိမ်၊ ၁၂ကြိမ်မြောက် လွှတ်တော်အစည်းအဝေးကို ဇူလိုင် ၂၄ရက်တွင် ခေတ္တရပ်နားထားခြင်းဖြစ်ပြီး ဩဂုတ်လ ၁၀ရက်တွင် ပြန်လည်ကျင်းပမည်ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly