တတိယမြောက် လန်ဒန်တိုက်ခိုက်မှုကျုးလွန်သူက အသက် ၂၂ ရှိ အီတလီ - မော်ရိုကိုနွယ်ဖွားဖြစ်

တတိယမြောက် လန်ဒန်တိုက်ခိုက်မှုကျုးလွန်သူက အသက် ၂၂ ရှိ အီတလီ - မော်ရိုကိုနွယ်ဖွားဖြစ်

လန်ဒန်၊ ဇွန် ၆ ။               ။ ပြီးခဲ့ရက်ပိုင်းအတွင်း လူခုနစ်ဦးသေဆုံးသော လန်ဒန်တိုက်ခိုက်မှု ကျုးလွန်သူ တတိယမြောက်အကြမ်းဖက်သမားမှာ အသက် ၂၂ အရွယ်ရှိ အီတလီ မော်ရိုကို နွယ်ဖွား ယူဆက်ဖ်ဇက်ဂါဘာဖြစ်ကြောင်း လန်ဒန်ရဲတပ်ဖွဲ့က ဇွန် ၆ ရက်တွင် ထုတ်ပြန်သည်။

"လန်ဒန်တံတားပေါ်နဲ့ အနီးကဈေးမှာ တိုက်ခိုက်မှုကျုးလွန်ခဲ့သူ သုံးဦးစလုံးကို အမည်ဖော်ထုတ်ထားနိုင်ပါပြီ။ ကျေးဇူးပြုပြီး သူတို့ သုံးယောက်အကြောင်း ဘယ်လိုသတင်းမျိုးမဆို ကျွန်တော်တို့ဆီ အကြောင်းကြားပေးကြပါ။"ဟု တိုက်ခိုက်မှုကျုးလွန်သူ သုံးဦးစလုံး၏ ဓာတ်ပုံများနှင့်တကွ တွစ်တာတွင် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဇက်ဂါဘာအကြောင်း အီတလီရဲတပ်ဖွဲ့က ဗြိန်နှင့် မော်ရိုကိုအာဏာပိုင်များထံ အန္တရာယ်ရှိနိုင်သူတစ်ဦးအဖြစ် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း အီတလီသတင်းစာ တစ်စောင်က ဦးဆုံးဖော်ပြခဲ့သည်။

၎င်းကို ၂၀၁၆ ခုနှစ် မတ်လအတွင်းက ဆီးရီးယားသို့သွားရောက်ရေး တူရကီကို ထွက်ခွာရန်ကြိုးစားစဉ်က အီတလီအာဏာပိုင်များ ဖမ်းဆီးခဲ့သည်။

နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ရသော်လည်း နိုင်ငံလုံခြုံရေး ခြိမ်းခြောက်နိုင်သူစာရင်းတွင် အီတလီက ထည့်သွင်းထားခဲ့ခြင်းဖြစ်သည်။

အဆိုပါသတင်းစာအရ ဇက်ဂါဘာသည် များမကြာမီ လန်ဒန်က စားသောက်ဆိုင်တစ်ဆိုင်၌ အချိန်ပိုင်းအလုပ် ရရှိလုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ဇွန် ၃ ရက်က ဇက်ဂါဘာသည် ခူလမ်ရှာဇက်နှင့် ရာရှီရီဒေါနီတို့နှင့်အတူ ဗင်ကားတစ်စီးဖြင့် လန်ဒန်တံတားပေါ်က လူအများအား လိုက်လံဝင်တိုက်ပြီး ဘောရော့ဈေးအတွင်း ဝင်ရောက်ကာ တွေ့ရာလူများကို ဓားဖြင့်ထိုးခုတ်တိုက်ခိုက်ခဲ့သည်။

၎င်းတို့တိုက်ခိုက်မှုကြောင့် လူခုနစ်ဦးသေဆုံးကာ ၎င်းတို့ကို ပစ်သတ်သုတ်သင်လိုက်သည်။ ဒဏ်ရာရသူ ဒါဇင်များစွာရှိရာ ၁၈ ဦးအခြေအနေက စိုးရိမ်ရဆဲဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly