ကဘူးလ်မြို့တော်ရှိ အထူးသံတမန်ရပ်ကွက်အနီး ထရပ်ကားဖြင့် ဗုံးခွဲခဲ့ရာ၌ လူ ၁၅၀ အထိသေဆုံးကြောင်း အာဖဂန်သမ္မတ အတည်ပြု

ကဘူးလ်မြို့တော်ရှိ အထူးသံတမန်ရပ်ကွက်အနီး ထရပ်ကားဖြင့် ဗုံးခွဲခဲ့ရာ၌ လူ ၁၅၀ အထိသေဆုံးကြောင်း အာဖဂန်သမ္မတ အတည်ပြု

ကဘူးလ်၊ ဇွန် ၆ ။             ။ အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်ရှိ အထူးသံတမန်ရပ်ကွက်အနီး ပြီးခဲ့သည့် သီးတင်းပတ်အတွင်းက ထရပ်ကားဖြင့် ပေါက်ကွဲပစ္စည်းအပြည့်ကာ ဖောက်ခွဲခဲ့သည့် တိုက်ခိုက်မှု၌ သေဆုံးသူဦးရေသည် ၁၅၀ အထိ ရှိသွားပြီးဖြစ်ကြောင်း အာဖဂန်သမ္မတက အတည်ပြုသည်။

မေ ၃၁ ရက်က ဖြစ်ပွားခဲ့သော ယင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရသူ ၃၀၀ ကျော်ထက်မနည်းရှိကြောင်း မြို့တော်တွင်း ကျင်းပသော အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးညီလာခံ၌ နိုင်ငံခြားသံတမန်များအား မိန့်ခွန်းပြောရာတွင် သမ္မတ ဂါနီက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုက ၂၀၀၁ ခုနှစ်နောက်ပိုင်း အသေအပျောက်အများဆုံး တိုက်ခိုက်မှုတစ်ရပ်ဖြစ်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်းက အဆိုးဆုံးအဖြစ် စံချိန်တင်ထားသော ဟာဇာရာလူမျိုးစုများ၏ ဆန္ဒပြမှုအား တိုက်ခိုက်ခံရရာတွင် သေဆုံးသူ ၈၅ ဦး ရှိပြီး ၄၀၀ ကျော်ထက်မနည်း ဒဏ်ရာရခဲ့ခြင်းထက်လည်း ကျော်လွန်များပြားခဲ့သည်။

ယခု ကဘူးလ်ငြိမ်းချမ်းရေးညီလာခံသို့ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကိုယ်စားပြုသူများအပြင် အီးယူနှင့် ကုလသမဂ္ဂတို့လည်း တက်ရောက်ခဲ့ကြသည်။

မေ ၃၁ ရက်က တိုက်ခိုက်မှုမှာ ဗုံးခွဲထရပ်ကားက သံတမန်ရပ်ကွက်ဝင်းတစ်ခုလုံးကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သော်လည်း ဝင်းပေါက်ဝတွင် အာဖဂန်ရဲ ၁၃ ယောက်က ကာကွယ်တားဆီးနိုင်ခဲ့ပြီး ၎င်းတို့အားလုံးလည်း ပေါက်ကွဲမှုတွင် ကျဆုံးကြောင်း သမ္မတဂါနီက ဆိုသည်။

ထိုတိုက်ခိုက်မှုကို မည်သည့်အဖွဲ့ကမှ တာဝန်ခံခြင်း မရှိသေးသော်လည်း တာလီဘန် မဟာမိတ် ဟာကာနီကွန်ရက်က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အာဖဂန်ထောက်လှမ်းရေးအေဂျင်စီက ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly