စစ်ရှောင်ပြည်သူတစ်သိန်းကျော် စားဝတ်နေရေးအခက်ကြံုနေရဟုဆို

စစ်ရှောင်ပြည်သူတစ်သိန်းကျော် စားဝတ်နေရေးအခက်ကြံုနေရဟုဆို
ဓာတ်ပုံ - မေမီ

ရန်ကုန်၊ ဇွန် ၆ ။         ။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရှောင်ပြည်သူတစ်သိန်းကျော်ရှိနေပြီး ၎င်းတို့အတွက် နိုင်ငံတကာ၏ ထောက်ပံ့မှုများ လျော့ကျလာသည့်အတွက် စားဝတ်နေရေးအခက်အခဲများနှင့်  ရင်ဆိုင်နေရသည်ဟု စစ်ရှောင်ပြည်သူအချို့နှင့် စစ်ဘေးရှောင်များကို ကူညီနေသည့် ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့က ဦးဂွမ်ရှာအောင်က မဇ္ဈိမကိုပြောသည်။

၂၀၁၁ ဇွန်လ ကတည်းက ယခုအချိန်ထိဖြစ်ပွားနေသည့် တိုက်ပွဲတွေဟာ လျော့ကျမလာသည့်အပြင် ပိုပြင်းထန်လာတာကြောင့် စစ်ဘေးရှောင်ဦးရေ ပိုတိုးလာဖွယ်ရှိသည်ဟု ဇွန်လ ၆ရက် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာပြလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက သိရသည်။

“အများစုကနိုင်ငံတကာ အဖွဲ့စည်းတွေရဲ့ကူညီပံ့ပိုးမှုဆိုတော့ အဲ့တာလျော့ကျလာတဲ့ အနေအထားဆိုတော့ လက်ရှိ IDP တွေကို ကူတဲ့နေရာမှာ တိုက်ရိုက်ပြန်ထိခိုက်တာဖြစ်ပါတယ်။ အဲ့လိုဖြစ်လာတဲ့အချိန်မှာ သူတို့ရဲ့ စားသောက်ဖို့ကိစ္စကအစ ပြီးရင် ကလေးတွေရဲ့ပညာရေးပေါ့နော် ကျောင်းဆက်တတ်မှုမှာ တော်တော်လေး အခက်ခဲတွေကြုံရတယ်။ နောက်သူတို့ လက်ရှိနေနေရတဲ့ အမိုးအကာတွေဆိုရင်လည်း ကြာလာတာနဲ့အမျှ ဆွေးမြေ့လာတယ်။ အသစ်ပြန်ဆောက်ဖို့ကလည်း မတတ်နိုင်ဘူးပေါ့နော်။ အဲ့ဒါတွေဖြစ်လာတယ်။ ပြီးတော့ လူမှုရေးဒုက္ခတွေလည်း Camp မှာတော်တော်လေး များလာတယ်ပေါ့နော်။ ကလေးတွေလည်း ကြီးလာတော့ အခန်းကျဉ်းလေးထဲမှာပဲ တစ်မိသားစုလုံးအတူ ဝိုင်းနေဖို့ဆိုတာတော့ မဖြစ်နိုင်တဲ့အနေအထားတွေရှိလာတယ်" ဟု စစ်ဘေးရှောင်များကိုကူညီနေသည့် ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့မှ ဦးဂွမ်ရှာအောင်က ပြောဆိုသည်။

မုန်းကိုး၊ ဖောင်းဆိုင်နဲ့တချို့ဒေသတွေမှာ ခရီးသွားလာမှု ကန့်သတ်ထားဆဲဖြစ်သည်။ ပဋိပက္ခကာလအတွင်း အရပ်သားနေအိမ်၊ အဆောက်အအုံများ ထိခိုက်ပျက်စီးပြီး စစ်ဘေးရှောင် ၂၀,၀၀၀ ခန့် တရုတ်ပြည်ကို ယာယီရှောင်တိမ်းခိုလုံခဲ့ရသည်ဟု သိရသည်။

သို့သော်လည်း ပဋိပက္ခများ ဆက်လက်ဖြစ်ပွားဆဲပဲဟု ယနေ့ ပွဲကိုတတ်ရောက်လာသည့် စစ်ရှောင်ပြည်သူအချို့နှင့် ကူညီပေးနေသည့် အဖွဲ့ အစည်းများကပြောဆိုသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းက စစ်ဘေးရှောင်စခန်း ၁၅၀ ဝန်းကျင်ခန့်တွင် စစ်ဘေးရှောင်ပြည်သူ တစ်သိန်းနှစ်သောင်းခန့် စစ်ဘေးဒုက္ခများနှင့် ဆိုင်ရင်နေရခြင်းလည်းဖြစ်သည်။

စစ်ဘေးရှောင်ပြည်သူတွဟာ သူတို့အတွက် နိုင်ငံထောက်ပံ့မှုတွေ လျော့ကျလာပြီး စားဝတ်နေရေးအခက်ကြုံတွေ့လာတာကြောင့် ကျောင်းတတ်ရောက်နေသည့် ကလေးငယ်တွေကပါ ရရာအလုပ်ကို ထွက်လုပ်နေကြရသည်ဟု သိရသည်။

“နှစ်တန်း၊ သုံးတန်း တတ်ပြီးမှ ကျောင်းပြန်မတတ်တော့ဘူး။ အဲ့တော့ သူတို့က တရုတ်ပြည်မှာ အလုပ်သွားလုပ်တယ်ပေါ့ ပိုက်ဆံသွားရှာတယ်။ တရုတ်ပြည်မှာကျတော့ ပတ်စပို့ မပါရင် ဝင်ခွင့်မရှိဘူး။ ဝင်ခွင့်မရှိလည်း သူတို့က ပိုက်ဆံရှာချင်တယ်ဆိုတော့ ခိုးဝင်ပြီး သွားရှာတယ်။ အဲ့တော့ အဖမ်းခံရတယ်။ စစ်ပွဲအစတည်းက ကျွန်မကတော့ တရုတ်ပြည်မှာပဲနေတယ်။ အဲ့တရုတ်ပြည်မှာ ၇လလောက်နေပြီးမှ လနဂွမ်ဂျာ Camp ပြန်ပြောင်းတယ်။ တရုတ်ပြည်မှာက တရုတ်စစ်သားတွေ မနည်းခိုင်းပြီးတော့ သူတို့ပြန်မောင်းထုတ်တယ်" ဟု ၂၀၁၁ ခုနှစ်ကတည်းက စစ်ဘေးရှောင်တစ်ဦးဖြစ်နေရသည့် မထန်ဆန်ကပြောဆိုသည်။

ယခုအချိန်ထိ ယာယီရွက်ဖျင်တဲများတွင် ဆက်လက်နေထိုင်နေရသည့် မိသားစုများရှိနေသေးပြီး တချို့စစ်ရှောင်ပြည်သူများသည် စစ်ရှောင်စခန်း ၅ ခုထက်မနည်း ထပ်ဆင့်ရွှေ့ပြောင်းနေရ သည်ဟုသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly