လာလီဂါနှင့် ချန်ပီယံလိဂ်ဖလားများ ရရှိခဲ့သောကြောင့် ရီးယဲလ်ကစားသမားများ ဆုကြေးငွေ ပေါင် ၂ သန်းစီ ရရှိမည်

လာလီဂါနှင့် ချန်ပီယံလိဂ်ဖလားများ ရရှိခဲ့သောကြောင့် ရီးယဲလ်ကစားသမားများ ဆုကြေးငွေ ပေါင် ၂ သန်းစီ ရရှိမည်

ဇွန် ၆၊ စပိန် ။           ။ ချန်ပီယံလိဂ်ဖလားနှင့် လာလီဂါဖလားတို့ကို ရယူနိုင်ခဲ့ခြင်းကြောင့် ရီးယဲလ်ကစားသမားများ အပိုဆုကြေးငွေ ပေါင် ၂ သန်းစီ ရရှိဖွယ်ရှိကြောင်း   ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။

ရီးယဲလ်အသင်း၏သမိုင်းတွင် ၅၉ နှစ်အကြာ၌ အမှတ်ပေးဖလားနှင့်ဥရောပဖလားတို့ကို ပထမဆုံး ပြန်လည်ရရှိခြင်းဖြစ်ပြီး ဖော်ပြပါအတိုင်း ဆုကြေးရရှိခဲ့ပါက ဘောလုံးသမိုင်းတွင် အများဆုံးဆုကြေးဖြစ်လာမည် ဖြစ်သည်။

ရီးယဲလ်အသင်း၏ အပိုဆုကြေးငွေ ပေးချေပုံမှာ အခြားမည်သည့် ကလပ်အသင်းနှင့်မှတူညီမှုမရှိပေ။ ရီးယဲလ်အသင်းသည် ကစားသမားများ၏စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားသော သဘောတူညီမှုအရ ဆုကြေးပေးခြင်းမဟုတ်ဘဲ အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်၏ စိတ်သဘောအတိုင်း ဆုကြေးပေးခြင်း ဖြစ်သည်။

ဥက္ကဋ္ဌပီရက်ဇ်သည် ရီးယဲလ်အသင်း၏ ဥက္ကဋ္ဌသက်တမ်းကို လေးကြိမ်မြောက် တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။ ပီရက်ဇ်သည် ရီးယဲလ်အသင်းကို စတင်ဦးဆောင်ခွင့်ရရှိသည့်အချိန်ကတည်းက ကမ္ဘာကျော်ကစားသမားများကို ခေါ်ယူပြီး ကြယ်စင်စုအသင်းတည်ဆောက်ခဲ့သူ ဖြစ်သည်။

ထို့ကြောင့်ပင် သူ၏လက်ထက်တွင် ဥရောပအောင်မြင်မှုကို အခြားအသင်းများထက် ပိုမိုရရှိခဲ့သည်။ ရီးယဲလ်အသင်းသည် ဂျူဗင်တပ်စ်အသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရခဲ့သောကြောင့် ချန်ပီယံလိဂ်ဖလားကို ၁၂ ကြိမ်မြောက်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဟု အမည်ပြောင်းလဲခဲ့ပြီးနောက်ပိုင်း ချန်ပီယံလိဂ်ဖလားကို ၂ နှစ်ဆက်တိုက် ရယူနိုင်သည့် ပထမဆုံးအသင်း ဖြစ်လာခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly