လန်ဒန်တိုက်ခိုက်မှုကြောင့် ရပ်ထားခဲ့သော ဗြိတိန်ရွေးကောက်ပွဲမဲဆွယ်မှုများ ပြန်စ

လန်ဒန်တိုက်ခိုက်မှုကြောင့် ရပ်ထားခဲ့သော ဗြိတိန်ရွေးကောက်ပွဲမဲဆွယ်မှုများ ပြန်စ

လန်ဒန်၊ ဇွန် ၅ ။           ။ လူခုနစ်ဦးသေဆုံးကာ များစွာဒဏ်ရာရသည့် လန်ဒန်တိုက်ခိုက်မှုကြောင့် ရပ်နားခဲ့သော ဗြိတိန် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကို ဇွန် ၅ ရက်တွင် နိုင်ငံရေးပါတီများ ပြန်လည်စတင်ပြီဖြစ်သည်။

ဇွန် ၃ ရက်ညက ဖြစ်ပွားသော လန်ဒန်တံတားပေါ်တွင် လူများအား ဗင်ကားတစ်စီးဖြင့် အစွန်းရောက်သုံးဦးက လိုက်လံတိုက်ပြီးနောက် အနီးရှိဈေးတွင် ဓားဖြင့်လိုက်လံထိုးခုတ်မှု ကျူးလွန်ခဲ့ခြင်းအရေး ထိပ်တန်းအစိုး ဝန်ကြီးများနှင့် လုံခြုံရေးတာဝန်ရှိသူများနှင့် Cobra အရေးပေါ်ကော်မတီအစည်းအဝေး ခေါ်ယူတွေ့ဆုံခဲ့သည့် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ဖြစ်သူ ထရီဆာမေက မြို့တော်လန်ဒန်တွင် စည်ရုံးရေးဆင်းဖြစ်ဖွယ်ရှိသည်။

"အကြမ်းဖက်မှုဟာ ဒီမိုကရေစီလုပ်ငန်းစဉ်ကို ဘယ်တော့မှ နှောင့်ယှက်မဟန့်တားနိုင်ဘူး။ ဒါကြောင့် မဲဆွယ်စည်းရုံးရေးကို မနက်ဖြန်မှာ ပြည့်ပြည့်ဝဝ ပြန်စမှာပဲဖြစ်တယ်။"ဟု နံပါတ် ၁၀ ဒေါင်းနင်းလမ်း နေအိမ်ပြင်ဖက်တွင် ဇွန် ၄ ရက်က ထရီဆာမေက ပြောခဲ့သည်။

လက်ရှိအထိ မည်သူမည်ဝါဖြစ်ကြောင်း အများပြည်သူ သိရှိရသေးခြင်းမရှိသည့် တိုက်ခိုက်မှု ကျူးလွန်ခဲ့သူများကို လုံခြုံရေးအဖွဲ့ဝင်များက ပစ်ခတ်သုတ်သင်ခဲ့ရခြင်းဖြစ်သည်။

ထရီဆာမေအနေဖြင့် လန်ဒန်အပြင် မြောက်ပိုင်း ယော့ရှိုင်းယားနှင့် စကော့တလန်တို့တွင်လည်း စည်းရုံးရေးဆင်းဖွယ်ရှိသည်။ အဓိကအတိုက်အခံ ပြိုင်ဖက်လေဘာပါတီခေါင်းဆောင် ဂျာရီမီကောဘင်းက အရှေ့မြောက်အင်္ဂလန်တွင် မဲဆွယ်စည်းရုံးမည်ဖြစ်ကြောင်း သက်ဆိုင်ရာပါတီအသီးသီးအရ သိရသည်။

ဗြိတိန်နိုင်ငံတွင် သုံးလအတွင်း သုံးကြိမ်မြောက်ဖြစ်ပွားသော ယခုတိုက်ခိုက်မှုကြောင့် ဇွန် ၈ ရက်တွင် ကျင်းပမည်ဖြစ်သော ဗြိတိန်ရွေးကောက်ပွဲ နှောင့်နှေးရမည်မဟုတ်ကြောင်း ဝန်ကြီးချုပ်ထရီဆာမေက ပြောသည်။

"အထွေထွေရွေးကောက်ပွဲက စီစဉ်ထားတဲ့အတိုင်းပဲ ဇွန် ၈ ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။"ဟု ၎င်းက ထပ်လောင်းပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly