အိန္ဒိယတွင် ထရပ်ကားနှင့် ခရီးသည်တင်ဘတ်စ်ကား တိုက်မိမီးလောင်ရာ လူ ၂၂ ဦးသေဆုံး

အိန္ဒိယတွင် ထရပ်ကားနှင့် ခရီးသည်တင်ဘတ်စ်ကား တိုက်မိမီးလောင်ရာ လူ ၂၂ ဦးသေဆုံး

နယူးဒေလီ၊ ဇွန် ၅ ။          ။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ်တွင် ဇွန် ၅ ရက် နံနက်ပိုင်းက ခရီးသည်တင်ဘတ်စ်ကားတစ်စီးသည် ထရပ်ကားနှင့် တိုက်မိ မီးလောင်ရာမှ လူ ၂၂ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရသည်။

နံနက် ၁ နာရီ ၁၀ မိနစ် ဝန်းကျင်က ဘာရေးလီခရိုင်အတွင်း ယာဉ်တိုက်မှု ဖြစ်ပွားခြင်းဖြစ်သည်။ ခရီးသည် ၄၁ ဦးတင်ဆောင်လာသော ဘတ်စ်ကားနှင့် ထရပ်ကားတို့ ခေါင်းချင်းဆိုင် တိုက်မိကြခြင်းဖြစ်ကာ ဘတ်စ်ကားမှ ယာဉ်မောင်းနှစ်ဦးနှင့် ယာဉ်အကူတစ်ဦးတို့လည်း သေဆုံးကြောင်း ပြည်နယ်ရဲဌာနက ထုတ်ပြန်သည်။

နယူးဒေလီမှ ဂွန်ဒါသို့ ဦးတည်သော ခရီးသည်တင်ကားမှာ တိုက်မိပြီးနောက် မီးလောင်ကျွမ်းခဲ့သည်။

ယာဉ်တိုက်မှုဖြစ်ပြီး မကြာမီ မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိပြီး ဒဏ်ရာရသူများအား အနီးရှိဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သေဆုံးသူများမှာ မီးလောင်ကျွမ်းထား၍ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်သေးခြင်းမရှိကြောင်း၊ ယာဉ်တိုက်မှုဖြစ်စေသည်ဟု ယူဆထားသော ထရပ်ကား ဒရိုင်ဘာက ထွက်ပြေးတိမ်းရှောင်နေကြောင်း ပြည်နယ်ရဲဌာန ပြောရေးဆိုခွင့်ရှိသူ ရာဟူးက တွစ်တာတွင်ရေးသားသည်။

အိန္ဒိယတွင် အခြေခံအဆောက်အအုံလမ်းပိုင်းများ ညံ့ဖျင်းခြင်းနှင့် ယာဉ်စည်းကမ်းများ လိုက်နာမှု အားနည်းခြင်းတို့ကြောင့် ယာဉ်တိုက်မှုမတော်တဆများ ဖြစ်ပွားလေ့ရှိသည်။

လွန်ခဲ့သည့် ဆယ်ရက်ခန့်ကလည်း မြောက်ပိုင်း ဥတာရာခန်းပြည်နယ် တောင်ထူထပ်ရာဒေသတွင် ဘုရားဖူးများတင်ဆောင်လာသောဘတ်စ်ကား ချောက်ထဲ ထိုးကျ၍ ၁၈ ဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိခဲ့သည်။

တရားဝင်စာရင်းများအရ အန္ဒိယနိုင်ငံတွင် ၂၀၁၅ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူပေါင်း ၁၄၆၀၀၀ ဝန်းကျင်အထိ ရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly