ရခိုင်အကြံပေးကော်မရှင်နှင့် လူငယ်များတွေ့ဆုံ

ရခိုင်အကြံပေးကော်မရှင်နှင့် လူငယ်များတွေ့ဆုံ
ဓာတ်ပုံ - ပြည်ချစ်/RiA

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်နှင့် စစ်တွေမြို့မှ ရခိုင်လူငယ်များ တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို ဇွန်လ ၅ ရက် နံနက် ၁၀ နာရီခွဲအချိန်ခန့်က စစ်တွေဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ရခိုင်ပြည်အတွင်း လိုအပ်ချက်လိုအပ်ချက်များ၊ အားနည်းချက်များနှင့် လူမျိုးစုများအကြား ဖြစ်ပွားနေသော ပဋိပက္ခများအပေါ် ဖြေရှင်းနိုင်မည့် အချက်အလက်များကို အဓိကထားဆွေးနွေးခဲ့ကြကြောင်း အစည်းအဝေးကိုတက်ရောက်လာသူ ကိုပြည့်စုံသူက ပြောသည်။

“အစည်းဝေးမှာ ကျွန်တော်တို့က ကျောင်းတွေမှာလိုအပ်ချက်တွေကို တင်ပြလိုက်ပါတယ်။ ကျွန်တော်ကတော့ ကျောင်းသူကျောင်းသားတွေအတွက် အချိန်ပိုင်းအလုပ်တွေ လိုအပ်တာတွေကို တင်ပြလိုက်ပါတယ်။ သူတို့ကလည်း လူမျိုးအချင်းချင်း သင့်မြတ်ဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုတွေ လိုအပ်နေတဲ့အကြောင်းတွေကို ပြောဆိုဆွေးနွေးခဲ့ကြပါ တယ်။”ဟု ကိုပြည့်စုံသူက ပြောသည်။

ယင်းဆွေးနွေးပွဲသို့ ရခိုင်လူမှုအဖွဲ့အစည်းများမှ လူငယ် စုစုပေါင်း (၂၀) ကျော်ခန့်တို့က တက်ရောက်ဆွေးနွေး သွားခဲ့ကြောင်းလည်း သိရသည်။

အဆိုပါအကြံပေးကော်မရှင်နှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများတို့ သီးသန့်တွေ့ဆုံပွဲတစ်ရပ်ကိုလည်း ဇွန်လ ၆ ရက် နေ့လည် ၃ နာရီအချိန်ခန့်တွင် မြောက်ဦးမြို့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကော်မရှင်အဖွဲ့သည် စစ်တွေမြို့သို့ ဇွန်လ ၄ ရက်က ရောက်ရှိလာခဲ့ပြီး ယနေ့နက်ပိုင်းတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများနှင့် တွေ့ဆုံခဲ့ပြီး ရခိုင်လူငယ်များနှင့် ဆွေးနွေးခဲ့ခြင်းဖြစ်ကြေင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly