The Voice သတင်းစာအမှု မီဒီယာဥပဒေအတိုင်းဆောင်ရွက်ရန် သတင်းစာဆရာများ အသင်းတောင်းဆို

The Voice သတင်းစာအမှု မီဒီယာဥပဒေအတိုင်းဆောင်ရွက်ရန် သတင်းစာဆရာများ အသင်းတောင်းဆို

ရန်ကုန်၊ ဇွန် ၅ ။            ။ တပ်မတော်က တရားစွဲဆိုခြင်းကိုခံထားရသည့် The Voice နေ့စဉ်ထုတ်သတင်းစာ အယ်ဒီတာချုပ်နှင့် သရော်စာ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်တို့အား သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေဖြင့်သာ ဆက်လက်ဆောင်ရွက်သင့်သည်ဟု မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း(MJA) က တောင်းဆိုလိုက်သည်။

မတ်လ ၂၆ ရက်ထုတ် The Voice သတင်းစာတွင် ဖော်ပြခဲ့သည့် ကျည်ထောင်စုသစ္စာ ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည့် သရော်စာနှင့်ပတ်သက်ပြီး တပ်မတော်က အယ်ဒီတာချုပ်ဦးကျော်မင်းဆွေနှင့် သရော်စာရေးသားသူ ဗြိတိသျှကိုကိုမောင်တို့အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ဗဟန်းရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှုကိစ္စအတွက် စစ်ဆေးမေးမြန်းရန် ဆိုပြီး ဦးကျော်မင်းဆွေနှင့် ဗြိတိသျှ ကိုကိုမောင်တို့အား ဗဟန်းမြို့နယ် ရဲစခန်းမှ ဇွန်လ ၂ ရက်တွင် ဆင့်ခေါ်ခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။

အဆိုပါ အမှုကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်အနေဖြင့် သဘောထားကြီးစွာ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသည့် သတင်းမီဒီယာဥပဒေ နည်းဥပဒေဖြင့်သာ ဆက်လက်ဆောင်ရွက်ရန် မြန်မာနိုင်ငံသတင်းစာဆရာများ အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကလည်း အဆိုပါ အမှုကိစ္စ ပြေလည်ရန် ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သော်လည်း တရားလိုဖြစ်သူ တပ်မတော်က တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းကြောင့် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေများအရ ဆက်လက် ညှိနှိုင်းဆောင်ရွက်နိုင်ခွင့် မရှိတော့ဟု သတင်းထုတ်ပြန်ထားသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) တွင် ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း(သို့မဟုတ်) ခြိမ်းခြောက်ခြင်းလုပ်သူများကို အရေးယူရန် ပြဌာန်းထားသည်။

ဥပဒေတွင် ယင်းပုဒ်မသည် အာမခံမရနိုင်ကြောင်း ဖော်ပြထားသေးသည်။ ထိုပုဒ်မအတွက် ပြစ်ဒဏ် သတ်မှတ်ချက်သည် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်း ပြဌာန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly