နာကျင်စရာများမေ့ဖျောက်၍ ပျော်ရွှင်ဖွယ်ရာများ လွှမ်းခြံုခဲ့သည့် One Love Manchester ရန်ပုံငွေဖျော်ဖြေပွဲ

နာကျင်စရာများမေ့ဖျောက်၍ ပျော်ရွှင်ဖွယ်ရာများ လွှမ်းခြံုခဲ့သည့် One Love Manchester ရန်ပုံငွေဖျော်ဖြေပွဲ

မန်ချက်စတာအကြမ်းဖက် တိုက်ခိုက်ခံရမှုတွင် ထိခိုက်ဆုံးရှုံးခဲ့ရသူများအား ရည်ရွယ်၍ တနင်္ဂနွေနေ့က အိုးထရက်ဖို့ဒ် ခရစ်ကတ်ကစားကွင်း၌ ကျင်းပခဲ့သော One Love Manchester ရန်ပုံငွေဖျော်ဖြေပွဲသည် လာရောက်ကြည့်ရှုသူ ဂီတပရိသတ် ၅သောင်းကျော်အား နာကျင်စရာများ ဖြေဖျောက်စေခဲ့ပြီး စည်းလုံးညီညွတ်စေခဲ့သော ညတစ်ညကို ဖန်တီးပေးနိုင်ခဲ့သည်။

အနုပညာကြယ်ပွင့်များ သီဆိုဖျော်ဖြေခဲ့သော ထိုပွဲသည် လွန်ခဲ့သော မေလ ၂၂ရက်နေ့က အဆိုတော် အာရီရာ နာဂရန်ဒီ၏ ဖျော်ဖြေပွဲ၌ ဖြစ်ပွားခဲ့သော အသေခံဗုံးပေါက်ကွဲမှုအတွင်း ထိခိုက်ဆုံးရှုံးခဲ့ရသူများကို ရည်စူးကာ ကျင်းပခြင်းဖြစ်သည်။  

ထိုဖျော်ဖြေပွဲ၌ ဂရန်ဒီကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့ပြီး သူမက ပရိတ်သတ်များအား “ ဒီနေရာကို ရောက်လာတဲ့ သူအားလုံးကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ပြီးတော့ ချစ်ခြင်းတွေရော၊ စည်းလုံးညီညွတ်မှုတွေကိုပါ ဆောင်ယူလာတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု ပြောခဲ့သည်။

“ရှင်တို့အားလုံးကို ကျမအလွန် သဘောကျချစ်ခင်ပါတယ်။ ပြီးတော့ ရှင်တို့ထုတ်ဖော်ပြသနေတဲ့ ချစ်ခင်ကြင်နာ မှုနဲ့ စည်းလုံးညီညွတ်မှုဟာ လက်ရှိမှာ ကမ္ဘာကြီးအတွက် အလွန်လိုအပ်နေတဲ့ အရာပါပဲ” ဟု ဖြည့်စွက်ပြော ကြားခဲ့သည်။

အသက် ၂၃နှစ်အရွယ် ဂရန်ဒီနှင့်အတူ အခြားဂီတကြယ်ပွင့်များ ဖြစ်ကြသော မိုင်လီဆိုင်းရပ်၊ The Black Eyed Peas အဖွဲ့၊ ကေတီပယ်ရီ၊ Coldplay အဖွဲ့၊ ရော်ဘီဝီလီယမ်၊ လီယမ်ဂါလာဂါ၊ ဂျက်စတင်ဘီဘာနှင့် အခြား အနုပညာရှင်များလည်း ထိုရန်ပုံငွေပွဲတွင် ပါဝင်ဖျော်ဖြေခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly