ကာရစ်ကိုခေါ်ယူမိခြင်းမရှိခဲ့၍ နောင်တရမိသည်ဟု အာစင်ဝင်းဂါးပြော

ကာရစ်ကိုခေါ်ယူမိခြင်းမရှိခဲ့၍ နောင်တရမိသည်ဟု အာစင်ဝင်းဂါးပြော

ဇွန် ၅၊ လန်ဒန်။         ။ မိုက်ကယ် ကာရစ်ကို မည်သည့်အခါကမှနည်းပြခွင့်မရခဲ့ခြင်းအတွက် နောင်တရမိသည်ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောသည်။

မန်ယူကြယ်ပွင့်သည် ၁၁ နှစ်ကြာ အိုးထရက်ဖို့ဒ်ကစားသမားဘဝကို ညွန့်ပေါင်းအသင်းတစ်သင်းနှင့် ခြေစမ်းပွဲတစ်ပွဲကစားပြီး အမှတ်တရဆင်နွှဲခဲ့သည်။

ယင်းပွဲတွင် ၂၀၀၈ ချန်ပီယံလိဂ်ဖလားရမန်ယူအသင်းမှကြယ်ပွင့်များဖြစ်သည့် ဖာဒီနန်၊ အီဗရာအစရှိသည့်ကစားသမားများ ပွဲထွက်ခဲ့ကြသကဲ့သို့ တယ်ရီ၊ ကာရေဂါ၊ အဘီဒယ်၊ ဆီးဒေါ့ဖ်စသူတို့မှာလည်း ကာရစ်၏ ညွန့်ပေါင်းအသင်းတွင် ပါဝင်ခဲ့ကြသည်။

ပွဲအပြီးတွင် ဖာဂူဆန်၊ အာစင်ဝင်းဂါးအစရှိသူများက ချီးကျူးစကားအသီးသီးပြောဆိုခဲ့ကြပြီး အာစင်ဝင်းဂါးက ၎င်း၏နည်းပြ သက်တမ်းတွင် အင်္ဂလန်ကွင်းလယ်လူကာရစ်ကို နည်းပြခွင့်ရသည့်အခွင့်အရေးရချင်ခဲ့သည်ဟု ပြောသည်။

“ဒီအမှတ်တရပွဲအတွက် ကာရစ်ကို လှိုက်လှိုက်လှဲလဲှ ဂုဏ်ပြုပါတယ်။ သူက အခုလိုလုပ်ပေးခံရဖို့လည်း ထိုက်တန်လွန်းသူပါ။ ပုဂ္ဂိုလ်ရေးအရပြောရရင် သူ့အရည်အချင်းနဲ့ ကစားသမားဘဝကို ကျွန်တော်လေးစားပါတယ်။

ကျွန်တော့်ရဲ့နောင်တတွေထဲကတစ်ခုက သူ့လိုကစားသမားမျိုးကို ဘယ်တုန်းကမှမပိုင်ဆိုင်ခဲ့ရတာပါပဲ။ သူက အင်္ဂလိပ်ဘောလုံး လောကမှာ အံ့မခန်းတွေထဲက တစ်ယောက်ဖြစ်ပါတယ်။

ပြီးတော့ ဆုလာဘ်တွေ၊ ဂုဏ်ပြုချီးကျူးခံရမှုတွေကိုလည်း သူနဲ့ထိုက်တန်သလောက်အမြဲတမ်းမရခဲ့ရရှာဘူးလို့လည်း ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမဲ့ ကျွန်တော်လေးစားတဲ့ ကာရစ်တစ်ယောက် အနာဂါတ်မှာအကောင်းဆုံးတွေပဲရဖို့ ဆန္ဒပြုပါတယ်”ဟု အာစင်ဝင်းဂါးကပြောသည်။

ကာရစ်သည် ကစားသမားဘဝတွင် အာဆင်နယ်နှင့် အကြိမ်အနည်းငယ်မျှသတင်းထွက်ခဲ့ဖူးပြီး ပထမဆုံးအကြိမ်မှာ ၂၀၀၄ ခုနှစ် ဝက်စ်ဟမ်းကစားသမားဘဝကဖြစ်ပြီး မကြာသေးခင်   ဖေဖော်ဝါရီလကလည်း အာဆင်နယ်ကွင်းလယ် အင်အားဖြည့်ရန် အံ့အားသင့်ဖွယ် ကမ်းလှမ်းခံခဲ့ရသေးသည်။

ကာရစ်သည် အိုးထရက်ဖို့ဒ်တွင် ၂၀၁၈ နွေရာသီအထိဆက်ရှိရန် တစ်နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုထားသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly