ထွက်ပြေးသည့် ယာဉ်ပေါ်မှ ကျပ်သန်းပေါင်း ၁,၂ဝဝ ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် ဆေးပြားများ စစ်ကိုင်း တွင်ဖမ်းဆီးရမိ

ထွက်ပြေးသည့် ယာဉ်ပေါ်မှ ကျပ်သန်းပေါင်း ၁,၂ဝဝ ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် ဆေးပြားများ စစ်ကိုင်း တွင်ဖမ်းဆီးရမိ
ဓာတ်ပုံ-MOI

ရန်ကုန်၊ ဇွန်လ ၅ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ပင်ဝယ်ကျေးရွာ အနီးမှ ကျပ်သန်းပေါင်း ၁,၂ဝဝ တန် ဖိုးရှိ ဆပ်ပြာခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား ထွက်ပြေးသည့် ယာဉ်ပေါ်မှ ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။

မူးယစ်ဆေးဝါးသတင်းအရ အင်းတော်မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မူးယစ်တပ်ဖွဲ့စု(၆)မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဇွန်လ ၃ ရက်တွင် ရွှေဘို - မြစ်ကြီးနားကားလမ်း နဘားလမ်းဆုံတွင် စောင့်ဆိုင်းနေစဉ် မန္တလေးမှ မောင်းနှင်လာသော ယာဉ်တစ်စီးအား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာ အဆိုပါယာဉ်မှာ ရပ်တန့်ခြင်းမရှိဘဲ ထွက်ပြေးမောင်းနှင်ခဲ့ပြီး ပင်ဝယ်ကျေးရွာအနီးတွင် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါတိမ်းမှောက်သွားသည့် ယာဉ်ပေါ်မှ အမည်မသိ လူနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ယာဉ်မောင်း စိုးမြင့်ထွန်းအောင်ဆိုသူကို ဖမ်းဆီးရမိခဲ့ကာ ယာဉ်အတွင်းအား စစ်ဆေးရှာဖွေရာ တရားမဝင်စိတ်ကြွရူးသွပ်ဆေးပြားအထုပ် ၁၉၅,ဝဝဝ ထုပ်နှင့် ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် ၂၁၉ ခွက်၊ ၂၄ဝ၉ ဂရမ်၊ စုစုပေါင်းတန်ဖိုး ကျပ်သန်း ပေါင်း ၁,၂ဝဝ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော ယာဉ်အား မောင်းနှင်လာသူ ယာဉ်မောင်း စိုးမြင့်ထွန်းအောင်ဆိုသူကို အင်းတော်မြို့မရဲစခန်းတွင် သက်ဆိုင်ရာ ပုဒ်မဖြင့် အမှုဖွင့်အရေးယူစစ်ဆေးနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly