ရခိုင်နယ်ခြားစောင့် ရဲစခန်းတိုက်ခိုက်မှုတွင် ပါ၀င်သည့် ကလေးသူငယ်တရားခံတစ်ဦး သေဆုံး

ရခိုင်နယ်ခြားစောင့် ရဲစခန်းတိုက်ခိုက်မှုတွင် ပါ၀င်သည့် ကလေးသူငယ်တရားခံတစ်ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၅ ။           ။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူများထဲတွင် အသက်(၁၆)နှစ်အောက် ကလေးသူငယ်တရားခံ(၆) ဦး ပါဝင်ခဲ့ကာ ယင်းကလေးသူငယ်များအနက် တစ်ဦးမှာ ရောဂါဖြင့်သေဆုံးခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ခဲ့သည်။

အတိုင်ပင်ခံရုံး၏ထုတ်ပြန်ချက်အရ သေဆုံးသူ ကလေးသူငယ်တရားခံ မာမတ်ရော်ဖီး သည် အစာအိမ်ရောဂါ ခံစားနေရခြင်းကြောင့် ဘူးသီးထောင်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရသူဖြစ်ပြီး   သေဆုံးချိန် ဆေးစာပြန်ကြားချက်အရ နှလုံးတွင် အရည်စုခြင်းကြောင့် သွေးလန့်သေဆုံးရခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ ကလေးသူငယ် တရားခံ(၆) ဦးကို မောင်တောမြို့နယ် တရားသူကြီး၏ ထိန်းသိမ်းမှုဖြင့် ဘူးသီးတောင်မြို့နယ် အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ တွင် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးနှင့်အညီ ထိန်းသိမ်းထားရှိခဲ့သည်ဟုလည်း ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ကျန်ကလေးသူငယ်တရားခံ(၅) ဦးကို ဘူးသီးတောင်မြို့နယ် ကလေးသူငယ်တရားရုံးတွင် တရားသူကြီး ဦးဘသောင်းမှ အမှုစစ်ဆေးခြင်းကို ပွင့်လင်းမြင်သာမှုရှိစွာ စစ်ဆေးနေကြောင်း သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly