မေယုအားမာန်ကြိုးတံတား ပြန်လည်ပြုပြင်ရန်အတွက် အခက်အခဲများရှိနေ

မေယုအားမာန်ကြိုးတံတား ပြန်လည်ပြုပြင်ရန်အတွက် အခက်အခဲများရှိနေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သရက်ချောင်းကျေးရွာ မေယုအားမာန် ကြိုးတံတားမှာ လေမုန်တိုင်းကြောင့် ပြိုပျက်သွားခဲ့ရာ ပြန်လည်တည်ဆောက်ရန်အတွက် အခက်အခဲများ ရှိနေကြောင်း သိရသည်။

အဆိုပါတံတားမှာ သရက်ချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို ဆက်သွယ်ထားခြင်းဖြစ်ပြီး ၎င်းတံတားမှာ ယင်းဒေသအတွက် အဓိကအရေးပါသည့် တံတားတစ်စင်းလည်းဖြစ်ကာ ၂၀၁၁ ခုနှစ်က ဒေသခံများစုပေါင်း ပြီး ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားခြင်း ဖြစ်သည်။

“မုန်တိုင်းက အရမ်းပြင်းတော့ တိုင်တွေလဲပြီးတော့ တံတားတစ်ခုလုံး ချောင်းထဲမှာ နစ်မြှုပ်သွားပါတယ်။ အခု အဲဒီတံတားကို ရွာသားတွေနဲ့ ဝိုင်းဝန်းပြီး ရေထဲကပြန်ဖော်တာ အဆင်မပြေဘူး။ အခက်အခဲရှိနေပါတယ်။ တံတားမရှိတော့ ကူးတို့လှေတွေနဲ့ သွားလာနေရတယ်” ဟု သရက်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်လှိုင်က ပြောသည်။

မုန်တိုင်းဒဏ်ကြောင့် တိုင်များကျိုးပျက်ကာ တံတားတစ်ခုလုံး ချောင်းထဲတွင် နစ်မြုပ်သွားခြင်းဖြစ်ပြီး  ဒေသခံများ သွားလာရေး အဆင်ပြေစေရန်အတွက် ယာယီပြုပြင်ပြီး အသုံးပြုရန်ကြိုးစားခဲ့သော်လည်း အဆင်မပြေမှုများရှိကြောင်း သိရသည်။

ထို့ကြောင့် ရွာသားများနှင့် ကျောင်းသူကျောင်းသားများမှာ တံတားမရှိသည့်အတွက် ရေလမ်းခရီးကို အသုံးပြုသွားလာ နေကြရသဖြင့် မိုးတွင်းကာလ လှိုင်းလေပြင်းထန်သည့်အချိန်တွင် အသက်အန္တရာယ်ကို စိုးရိမ်ရသည့်အနေအထား ရှိကြောင်း ဒေသခံများကဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly