တပ်က အမှုဖွင့်ထားတဲ့ The Voice သတင်းစာအယ်ဒီတာချုပ်နှင့် ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်ကို ဗဟန်းရဲစခန်းက ဖမ်းဆီး

တပ်က အမှုဖွင့်ထားတဲ့ The Voice သတင်းစာအယ်ဒီတာချုပ်နှင့် ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်ကို ဗဟန်းရဲစခန်းက ဖမ်းဆီး

ရန်ကုန်၊ ဇွန် ၂ ။             ။ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်တို့ကို ဗဟန်းမြို့မ ရဲစခန်း၌ ဆက်သွယ်ရေးဥပဒေ ပုဒ်မဖြင့် ဖမ်းဆီးထားသည်ဟု The Voice နေ့စဉ်သတင်းစာမှ အမှုဆောင်အယ်ဒီတာ ဦးအောင်စိုးက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"မနက်က ရဲစခန်းက ဖုန်းဆက်တယ်၊ နေ့လည်မှာ ရဲစခန်းလာတယ်၊ အဲ့နှစ်ကြိမ်စလုံး ကျွန်တော်ကိုယ်တိုင်မေးတယ်။ ခဏစစ်မယ်လို့ပဲပြောတာ၊ ရဲစခန်းရောက်မှ ဖမ်းလိုက်ပြီလို့ပြောတာ" ဟု ဗဟန်းရဲစခန်းသို့ ရောက်ရှိနေသည့် ဦးအောင်စိုးက ပြောသည်။

တပ်မတော်က ရိုက်ကူးခဲ့သည့် ပြည်ထောင်စုသစ္စာဇာတ်ကားကို အခြေခံ၍ သရော်ထားသည့် ကျည်ထောင်စုသစ္စာ သရော်စာကို မတ် လ ၂၆ ရက်ထုတ် The Voice သတင်းစာတွင် ဖော်ပြခဲ့သည်။ ယင်းဖော်ပြမှုကြောင့် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အချက်များ ပါဝင်နေသည်ဟုဆိုကာ တပ်မတော်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ ကနဦး တိုင်ကြားခဲ့သည်။ သရော်စာရေးသည့် ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်ကမူ ဇွန် ၂ရက် ညနေက "လောလောဆယ် ဗဟန်းရဲစခန်းမှာပဲ ရှိပါသေးတယ်။ အဆင်ပြေပါတယ်။ ကိုယ့်တာဝန်   ကိုယ်ယူရတာပေါ့။" ဟု  ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင်ရေးသားထားသည်။

ယင်းနောက် The Voice သတင်းစာမှ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် အဆိုပါ သတင်းစာတွင် သရော်စာ ရေးသားသူ ဗြိတိသျှကိုကိုမောင်တို့ နှစ်ဦးကို တပ်မတော်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။

“တပ်မတော်အပေါ် တမင် ထိခိုက်နစ်နာစေလိုသော၊ ဂုဏ်သိက္ခာ ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားဖော်ပြခဲ့ခြင်း မရှိခဲ့ပါ။ ယင်းသရော်စာသည် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ယူဆဖွယ်ရာ သဘောသက်ရောက်သွားပါက The Voice Daily အနေနှင့် အထူးပင် စိတ်မကောင်းဖြစ်ရပါကြောင်း လေးနက်စွာ အသိပေး ဖော်ပြအပ်ပါသည်” ဟု မေလ ၁၄ရက်၊ တနင်္ဂနွေနေ့ထုတ် The Voice သတင်းစာတွင် ပြန်လည် ဖော်ပြခဲ့သည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) တွင် ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း(သို့မဟုတ်) ခြိမ်းခြောက်ခြင်းလုပ်သူများကို အရေးယူရန် ပြဌာန်းထားသည်။ ဥပဒေတွင် ယင်းပုဒ်မသည် အာမခံ မရနိုင်ကြောင်း ဖော်ပြထားသေးသည်။ ထိုပုဒ်မအတွက် ပြစ်ဒဏ် သတ်မှတ်ချက်သည် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်း ပြဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly