ပညာသင်ကြားမှုစနစ်နှင့် မကိုက်ညီဟုဆိုကာ မြတန်ဆောင်း ဘက ကျောင်းကိုတားမြစ်

ပညာသင်ကြားမှုစနစ်နှင့် မကိုက်ညီဟုဆိုကာ မြတန်ဆောင်း ဘက ကျောင်းကိုတားမြစ်
ဓါတ်ပုံ - မင်းမျိုးနွယ်/RiA

မြောက်ဦး၊ ဇွန်လ ၂ ။                 ။ ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ မြတန်ဆောင်း ဘုန်းတော်ကြီးပညာသင်ကျောင်းအား ပညာသင်ကြားမှုစနစ်နှင့် ကိုက်ညီမှုမရှိဟုဆိုကာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ၂၀၁၇ ခုနှစ် မေလ ၁၅ ရက်က စာသင်ကြားမှုများကို မပြုလုပ်ရန်တားမြစ်လိုက်ကြောင်း သိရသည်။

အဆိုပါ ဘုန်းတော်ကြီးပညာသင်ကျောင်း၏ စာသင်ကြားမှုများကို ပိတ်ပင်တားမြစ်ခြင်းခံလိုက်ရသည့်အတွက် ၎င်းကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသားမှာ ပညာဆက်လက် သင်ကြားနိုင်ရန်အတွက် အခက်ခဲများစွာရှိလာနိုင်ကြောင်း မြတန်ဆောင်ကျောင်း ယာယီကျောင်းထိုင်ဆရာတော် ဦးပညာဇောတက ပြောသည်။

“ဒီကျောင်းကို အစိုးရက ၁၅ ရက်နေ့ကနေ ပိတ်ပင်လိုက်တာပါ။ ပညာသင်ကြားမှုစနစ်နဲ့ မကိုက်ညီလို့ ပိတ်လိုက်တာလို့ပဲ စာထဲမှာပါပါတယ်။ ဒီမနက်ကပဲ မြို့နယ်သာသနာရေးမှူး၊ မြို့နယ်ပညာ ရေးမှူးတွေရောက်လာပြီး ကျောင်းသူ ကျောင်းသားတွေကို အစိုးရကျောင်းတွေမှာ အပ်ပေးပါလို့ ပြောသွားပါတယ်။” ဟု ဦးပညာဇောတက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများတွင် ပညာသင်ကြားပေးနေသည့် (ဘက) ကျောင်း ၈၁ ကျောင်းရှိပြီး မြတန်ဆောင်း ကျောင်းတွင် ကျောင်းသူ ကျောင်းသားပေါင်း ၂၁၆ ဦးခန့် ပညာသင်ကြားလျှက်ရှိကြောင်း သိရသည်။

“ကျောင်းသားတွေကို ဆက်လက်ပညာသင်ကြားခွင့်မပေးတဲ့အတွက် အဲဒီကလေးတွေက အစိုးရကျောင်းတွေမှာလည်း ပညာသင်ကြားဖို့ ငွေရေးကြေးရေး အခက်အခဲရှိပါတယ်။ ပြီးတော့ မြောက်ဦးမြို့ (ဘက) ကျောင်း အတွင်းရေးမှူး ဆရာတော်ကလည်း ကျောင်းရဲ့ဆိုင်းဘုတ်ကိုပါ ဖျက်သိမ်းဖို့အတွက် ပြောသွားပါတယ်။”ဟု ဆက်လက်ပြောကြားသည်။

ယင်းကျောင်းတွင် ပညာသင်ကြားလျှက်ရှိသည့် ကျောင်းသူကျောင်းသားများမှာ ဆင်းရဲနွမ်းပါးပြီး ကျောင်းတက်ရန် အခက်အခဲနှင့်ကြုံတွေ့နေကြရသည့် ယင်းကလေးငယ်များအား ပညာသင်ကြာခွင့်ရရှိစေရန်အတွက် ရည်ရွယ်ပြီး မြတန်ဆောင်းကျောင်းထိုင်ဆရာတော်က လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်ခန့်က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော်မှာ မတရားအသင်ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)/(၂) တို့ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရပြီး မြောက်ဦးမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly