လွှတ်တော်ကိုယ်စားလှယ်များ သထုံထောင်ကို ဝင်စစ်

လွှတ်တော်ကိုယ်စားလှယ်များ သထုံထောင်ကို ဝင်စစ်
၂ဝ၁၆ ခုနှစ်က တွေ့ရသော မွန်ပြည်နယ်၊ ရင်းငြိမ် ကျောက်ထုတ်စခန်း မြင်ကွင်းတစ်ခု (ဓာတ်ပုံ - Myanmar Now)

ရန်ကုန် (Myanmar Now) ။           ။ အမျိုးသားလွှတ်တော်၏ ကော်မတီတစ်ခုက အကျဉ်းသားများ အခွင့်အရေးရရှိမှု အခြေအနေ အကြောင်း သိရှိနိုင်ရန်အတွက် ဇွန်လ ၁ ရက်နေ့တွင်မွန်ပြည်နယ်ရှိ သထုံမြို့ အကျဉ်းထောင်သို့ သွားရောက်စစ်ဆေးခဲ့သည်။

ထောင်အတွင်းစစ်ဆေးလိုသည့် အခန်းများကိုဝင်ရောက် ကြည့်ရှုခွင့်ရခဲ့ကြောင်း နိုင်ငံသား များ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီမှ ဒေါက်တာ ခွန်ဝင်းသောင်းက ပြောသည်။

“အနာအဆာတစ်ခုတော့တွေ့ပါတယ်။ အခုလောလောဆယ်တော့ ထုတ်ပြောဖို့ မသင့်သေးဘူး” ဟု ဒေါက်တာခွန်ဝင်းသောင်းကပြောသည်။ ယင်းအချက်အလက်နှင့် ပတ်သက်ပြီး ကော်မတီက မကြာမီထုတ်ပြန်ပေးသွားမည်ဟု သူက ဆက်ပြောသည်။ အကျဉ်းသား ၃၁ဝ ထက်မနည်းရှိသော သထုံထောင်တွင် ကော်မတီကတွေ့လိုသည့် အကျဉ်းသားနှစ်ဦး၊ မိမိသဘောဆန္ဒအရ တွေ့ဆုံလိုသည် ဟူသော အကျဉ်းသားတစ်ဦးတို့နှင့်လည်း စကားပြောခွင့်ရခဲ့ပြီး ထောင်တွင်းအခြေအနေများအ ကြောင်း မေးမြန်းခဲ့သည်ဟု သူက ရှင်းပြသည်။

ကော်မတီကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး သထုံ ထောင်ကို ကော်မတီဝင် ၇ ဦးသွားရောက် စစ်ဆေးခဲ့သည်ဟုဆိုသည်။ယခင်နှင့် ယခု
ဒေါက်တာ ခွန်ဝင်းသောင်းကိုယ်တိုင် ၁၉၈၈ မှ စတင်ပြီးဗန်းမော်၊ မန္တလေးထောင်တို့တွင် ၅ နှစ်ကျော် ကြာထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။ ထိုစဉ်က ပွင့်လင်းမြင်သာမှု အားနည်းခြင်းကြောင့် ဖိနှိပ်ခံခဲ့ရကြောင်း၊ရေကိုပင် ခွက်ရေကန့်သတ်ချက်ဖြင့်သုံးစွဲခဲ့ရကြောင်းသူကရှင်းပြသည်။ ယခုအခါ ရေကို ဖောဖောသီသီ သုံးစွဲလာနိုင်ခြင်း၊ ကြွေရေအိမ် အသုံးပြုခြင်းကဲ့သို့သော ခေတ်စနစ်အရ မလုပ်မ ဖြစ်အနေအထားကြောင့် ထောင်တွင်းသန့်ရှင်းမှု တိုးတက်လာသည်ဟုသူကသုံးသပ်သည်။

ယခင်ထက် ဝဝလင်လင် စားသောက်ရခြင်း၊ အသားဟင်းတစ်ပတ် နှစ်ကြိမ် ရရှိခြင်းကဲ့သို့ သော ကောင်းမွန် တိုးတက်လာသည့် အခြေအနေများကိုလည်းသတိပြုမိသည်ဟုသူကဆိုသည်။
“အရင်ကထက်စာရင်တော့ အခုအကျဉ်းထောင်စနစ်ကမဆိုးဘူးလို့ထင်တာပဲ။ ကျွန်တော်မသိသေးတဲ့ တခြားဆိုးတဲ့အကြောင်းအရာတွေလည်းရှိရင်ရှိမှာပါ”ဟုသူကဆိုသည်။ ကော်မတီသည် ယခင်က လည်းထောင် နှစ်ခုကိုစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း၊ မွန်ပြည်အတွင်းရောက်ရှိစဉ် ရင်းငြိမ်၊ တောင်စွန်းစ သည့် အကျဉ်းသားလုပ်အားအသုံးပြု ကုန်ထုတ်စခန်းများကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။သံခြေချင်း
နှစ်ဆန်းပိုင်းက မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီသည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိဇင်းကျိုက်စခန်းသို့ သွားရောက်စစ်ဆေး ခဲ့သည်။ သူ၏အဓိက စိုးရိမ်ပူပန်မှှုမှာ အကျဉ်းသားတို့ ကျောက်ထုတ်သည့် မိုင်းများတွင် အလုပ်လုပ်ကိုင်စဉ်နှင့် အိပ်ဆောင်တွင် နေထိုင်စဉ် ခြေချင်းခတ်ခံထားရခြင်း ဖြစ်သည်။

အကျဉ်းသားကိုထိုကဲ့သို့ သံခြေချင်းခတ်ပြီးအလုပ်ကြမ်းများခိုင်းစေခြင်းသည် တရားရုံးက ချမှတ်သည့် ပြစ်ဒဏ်များအပြင် ထပ်ဆောင်းအပြစ်ပေးခြင်းပုံစံ ဖြစ်နေကြောင်း ယန်ဟီလီက ဇန်နဝါရီ ၂၄ ရက်နေ့က ပြုလုပ်သော ရန်ကုန်မြို့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယန်ဟီးလီပြန်သွားပြီးတစ်လခန့်အကြာတွင် အကျဉ်းသား ၄ဝဝ ခန့် ရှိသောဇင်းကျိုက် ကျောက်ထုတ် အကျဉ်းစခန်းသို့  Myanmar Now သတင်းဌာနကသွားရောက် လေ့လာသည့်အခါ အန္တရာယ်များသည့် ကျောက်မိုင်းလုပ်ငန်းခွင်တွင် သံခြေချင်းခတ်ခံထားရသော အကျဉ်းသားများ အလုပ်လုပ်နေသည်ကို တွေ့ရှိခဲ့ရသည်။

ဇင်းကျိုက်အကျဉ်းစခန်းတွင် အကျဉ်းကျနေသူတစ်ဦး၏ အမည်မဖော်လိုသောမိခင်ဖြစ်သူက ၎င်း၏သားသည် ဖေဖော်ဝါရီလဆန်းပိုင်းတွင် အင်းစိန်ထောင်မှ ထိုစခန်းသို့   ပြောင်းရွှေ့ခံခဲ့ရပြီး   ကျောက်မိုင်းလုပ်ငန်းခွင်တွင် သံခြေချင်းတန်းလန်းဖြင့် အလုပ်လုပ်နေရကြောင်းပြောသည်။

ထောင်ဝင်စာသွားရောက် တွေ့ဆုံစဉ်က လုပ်ငန်းခွင်အတွင်းကျောက်စထိမှန်၍ ခြေသလုံးတွင်  ဒဏ်ရာအကြီးအကျယ် ရသွားသည့် အကျဉ်းသားတစ်ဦးကို တွေ့ရှိရကြောင်း သူကဆက်ပြောသည်။အလုပ်ကြမ်း
    ထောင်ကျနေသူ အများအပြားကို ရဲဘက်စခန်းဟု ထင်ရှားပြီး အကျဉ်းဦးစီးဌာနက ကုန်ထုတ်စခန်းဟုခေါ်သော အလုပ်ကြမ်းစခန်းအသီးသီးသို့ ပို့ဆောင်လေ့ ရှိသည်။ အကျဉ်းသားတို့ကို စခန်းသို့ ရောက်ရှိသည့် အချိန်မှစ၍ တစ်လအနည်းဆုံး ခြေချင်းခတ်၍ ခိုင်းစေကြောင်း၊ လုံခြုံရေးအရစိတ်မချရ သော အကျဉ်းသားများကိုလည်း အနည်းဆုံး တစ်လအထိ ခြေချင်းခတ်ကြောင်း ဇင်းကျိုက် ကျောက်ထုတ်စခန်းကို အုပ်ချုပ်သော အကျဉ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှှုး ဦးအောင် လွင်ဦးက ရှင်းပြသည်။

“အကျဉ်းသားတွေက သတ်မှတ်ထားတဲ့ စည်းကမ်းကို မလိုက်နာနိုင်ဘူးဆိုရင် နောက်ထပ်ပြစ်ဒဏ် ထပ်မတိုးစေချင်တဲ့ စေတနာနဲ့ ထောင်ပိုင်တစ်ယောက် အနေနဲ့ အပြစ်ပေးတဲ့ သဘောနဲ့ ဒီလိုမျိုုး လုပ်ပိုင်ခွင့် ကျွန်တော်တို့ဆီမှာရှိတယ်”ဟုတပ်မတော်အရာရှိအဖြစ်မှ အကျဉ်းဦးစီးဌာနအရာရှိ ဖြစ်လာ သူ ဦးအောင်လွင်ဦးက ဆိုသည်။

ကုန်ထုတ်စခန်းများတွင် အသက်မွေးဝမ်းကြောင်းပညာ သင်ကြားပေးဖွယ်ရှိသည်ဟု ယူဆသူ တချို့လည်း ရှိနေသည်။ သို့သော် ရဲဘက်စခန်းများမှ လွတ်မြောက်လာသူများက ထိုအကျဉ်းစခန်းတို့ ၏ အန္တရာယ်ရှိ ကျောက်မိုင်းလုပ်ငန်းခွင်များတွင် ကျောက်ခွဲခြင်း၊ကျောက်သယ်ခြင်းစသည့် အလုပ်များ ကို နိစ္စဓူဝခိုင်းစေခြင်းမှအပမည်သည့် အသက်မွေးဝမ်းကြောင်း အလုပ်ကိုမျှ သင်ကြားပေးခြင်း မရှိကြောင်း ပြောကြသည်။  
ဇင်းကျိုက် အကျဉ်းစခန်းထောင်ပိုင်ဦးအောင်လွင်ဦးကလည်းကျောက်ခွဲ၊ ကျောက်သယ်ခြင်းမ အပ သူ့စခန်းရှိအကျဉ်းသားများကို အသက်မွေးဝမ်းကြောင်းပညာများ သင်ကြားပေးခြင်း မရှိဟု ဆိုသည်။
“တခြားပညာတွေသင်ပေးဖို့ ဆိုတာက ကျွန်တော်တို့အနေနဲ့ လုပ်လို့မရဘူး၊ အထက်ဌာန ကနေ စီမံချက်တစ်ခုနဲ့ စီစဉ် ဆောင်ရွက်ပေးမှသာလျှင် ဒီလိုမျိုးပုံစံက ဖြစ်လာမှာ။  ကျွန်တော်တို့စ ခန်းရဲ့ ရည်ရွယ်ချက်ကကျောက်ထုတ်ဖို့။ ကျောက်ထုတ်ဖို့ဆိုတော့ ပိတ်ရက်ကလွဲလို့ ကျောက်နဲ့ပဲ နိစ္စဓူဝထိတွေ့ရမှာပဲ”ဟုသူကဆိုသည်။
၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းကအကျဉ်းထောင်အတွင်းအခြေအနေများနှင့် ပတ်သက်၍ Myanmar Now က မေးမြန်းထားသည်များ ကိုဦးအောင်လွင်ဦးက ဖြေကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အကျဉ်းထောင် ၄၆ ခု၊အချူပ်ထောင် ၂ဝ၊စိုက်ပျိုးရေးနှင့်မွေးမြူရေးစခန်း ၃ဝ၊ ကုန်ထုတ်စခန်း ၁၈ ခု၊ ပြုပြင်ပြောင်းလဲရေးစခန်း ၂ ခုရှိကြောင်းအကျဉ်းဦးစီးဌာန၏၂ဝ၁၆ ဇွန် ၆ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။     

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly