လယ်သမားများထံမှ ကြိုတင်ဝင်ငွေခွန် ကောက်ခံမည် မဟုတ်

လယ်သမားများထံမှ ကြိုတင်ဝင်ငွေခွန် ကောက်ခံမည် မဟုတ်
(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(ဇွန် ၁ရက်၊ ၂၀၁၇ခုနှစ်)။ ။ တောင်သူလယ်သမားများထံမှ ကြိုတင်ဝင်ငွေခွန် ကောက်ခံမည်မဟုတ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြာရေးမှူးချုပ် ဦးမင်းထွဋ်က ဇွန် ၁ရက်၊ ညနေပိုင်းတွင် မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

လယ်ယာထွက်သီးနှံများ ရောင်းချမှုမှ ကျပ်ငါးသိန်းနှင့်အထက် ရရှိသည့် တောင်သူလယ်သမားများထံမှ ကြိုတင်ဝင်ငွေခွန် ၂ရာခိုင်နှုန်း ကောက်ခံသွားမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားကြောင်း သတင်းထွက်ပေါ်နေမှုအပေါ် ဦးမင်းထွဋ်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

လက်ရှိ ပြဌာန်းထားသည့် ဝင်ငွေခွန်ဥပဒေတွင် မည်သူမဆို စည်းကြပ်ထိုက်သည့် ဝင်ငွေရှိလျှင် ဝင်ငွေခွန် ပေးဆောင်ရမည်ဟု ပြဌာန်းထားသော်လည်း တောင်သူလယ်သမားများသည် အခွန်စည်းကြပ်ထိုက်သည့် ဝင်ငွေမရှိသည့်အတွက် ဝင်ငွေခွန် ကောက်ခံမည်မဟုတ်ဟု ဦးမင်းထွဋ်က ပြောသည်။

“လယ်ယာစိုက်ပျိုးရေးလုပ်တဲ့ တောင်သူတွေသည် စည်းကြပ်ထိုက်တဲ့ ဝင်ငွေမရှိတဲ့အတွက် အခွန်မကျဘူး။ အဲ့ဒါကြောင့်မို့လို့ ဒီလုပ်ငန်းတွေကို အခွန်စည်းကြပ်ဖို့ မလုပ်ဘူးဆိုတာ လှမ်းပြီး ညွှန်ကြားထားပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် လယ်ဧက ရာထောင်ချီ ပိုင်ဆိုင်သူများအနေဖြင့်မူ ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရမည် ဖြစ်သည်။

“လယ်အများကြီး ရာနဲ့ထောင်နဲ့ချီ ရှိရင်တော့ ပေးရမယ်။ အဲ့ဒါက ရှိလည်းရှိတယ်။ ပေးလည်း ပေးထားတယ်။ အရေအတွက်တော့ အင်မတန်နည်းတယ်” ဟု ဦးမင်းထွဋ်က ပြောသည်။

ထို့ပြင် လယ်သမားများထံမှ လယ်ယာထွက်သီးနှံများဝယ်သူသည့် ကုမ္ပဏီများအနေဖြင့်လည်း ကြိုတင်ဝင်ငွေခွန် ထမ်းဆောင်ရမည် ဖြစ်သည်။

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှ အသက် ၅၀ကျော်အရွယ် လယ်သမားကြီးတစ်ဦးကလည်း သူ၏ သက်တမ်းအတွင်း အဆိုပါ ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရသည့် အစဉ်အလာမျိုး မရှိခဲ့ဖူးကြောင်း ပြောသည်။

“စစ်အစိုးရလက်ထက်မှာ တာဝန်ကျေစပါး ချပေးရတာတော့ ရှိခဲ့ဖူးတယ်” ဟု ၎င်းက ဆိုသည်။

လယ်သမားအများစု၏ ဘဝအခြေအနေနှင့် သီးနှံဈေးကွက် အနေအထားများအရ လက်ရှိအချိန်တွင် ဝင်ငွေခွန် ကောက်ခံရန် မသင့်ဟုလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျောင်းကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းထွန်းက မှတ်ချက်ပြုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly