တိုက်ပွဲအတွင်း အချင်းချင်း မှားပစ်မိ၍ ဖိလစ်ပိုင်စစ်သား ဆယ်ဦး ကျဆုံး

တိုက်ပွဲအတွင်း အချင်းချင်း မှားပစ်မိ၍ ဖိလစ်ပိုင်စစ်သား ဆယ်ဦး ကျဆုံး

ဇွန် ၁ ။                  ။ နိုင်ငံတောင်ပိုင်းက အစ္စလမ္မစ် စစ်သွေးကြွပစ်မှတ်တွေကို ရည်ရွယ်တိုက်ခိုက်ခဲ့တဲ့ လေကြောင်းစစ်ဆင်ရေးတစ်ခုအတွင်း မိမိတပ်ဖွဲ့ဝင်တွေကို မှားယွင်းပစ်ခတ်ခဲ့မိတာကြောင့် စစ်သားဆယ်ဦး ကျဆုံးသွားခဲ့ရကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက အတည်ပြုပြောကြားသွားပါတယ်။

မေလ ၃၁ ရက်က တောင်ပိုင်းမြို့ မာရာဝီမှာ အစိုးရစစ်တပ်က လေကြောင်းစစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့ရာမှာတော့ မြေပြင်မှာ ရှိနေတဲ့ စစ်သည်တွေကို ရန်သူထင်ပြီး မှားယွင်း ပစ်ခတ်ခဲ့မိတာ   ဖြစ်ပါတယ်။ ယင်းဖြစ်စဉ်မှာ ဖိလစ်ပိုင်စစ်သည် ဆယ်ဦး ကျဆုံးပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ယင်းနိုင်ငံမှာတော့ အိုင်အက်စ်အုပ်စုနဲ့ ချိတ်ဆက်မှုရှိတယ်ဆိုတဲ့ စစ်သွေးကြွတွေကို အစိုးရတပ်က သီတင်းတစ်ပတ်ကျော်ကြာ တိုက်ခိုက်ချေမှုန်းနေလျက်ရှိပြီး ယင်းတိုက်ပွဲများအတွင်း သေဆုံးသူ ၁၀၀ ကျော်သွားခဲ့ပြီလို့ သိရပါတယ်။

" မနေ့တုန်းကတော့ ဝမ်းနည်းစရာ အဖြစ်ဆိုးကြီးတစ်ခုနဲ့ ကြုံခဲ့ရပါတယ်၊ ကျွန်တော်တို့ တပ်သားတွေကိုပဲ ရန်သူနဲ့ မှားပြီး ပစ်ခတ်မိခဲ့ပါတယ်၊ ဖြစ်စဉ်မှာ စစ်သည် ဆယ်ဦး ကျဆုံးခဲ့တယ်၊ ခုနှစ်ဦး ဒဏ်ရာရသွားပါတယ်" လို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင် လော်ရန်ဇာနာက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags