ဖိလစ်ပိုင်တောင်ပိုင်းရှိ စစ်သွေးကြွရှင်းလင်းရေးတိုက်ပွဲများအတွင်း အရပ်သား ၁၀၀ ကျော် သေဆုံး

ဖိလစ်ပိုင်တောင်ပိုင်းရှိ စစ်သွေးကြွရှင်းလင်းရေးတိုက်ပွဲများအတွင်း အရပ်သား ၁၀၀ ကျော် သေဆုံး

ဇွန် ၁ ။           ။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းရှိ မာရာဝီမြို့တစ်ဝိုက် အိုင်အက်စ်သစ္စာခံ စစ်သွေးကြွတွေနဲ့ အစိုးရတပ်ဖွဲ့တွေအကြားက တိုက်ပွဲတွေအတွင်း ယခုအခါ အရပ်သား ၁၀၀ ထိ သေဆုံးခဲ့ရပြီ ဖြစ်ကြောင်း အာဏာပိုင်တွေက ခန့်မှန်းထုတ်ပြန်သွားပါတယ်။

အစ္စလမ္မစ် စစ်သွေးကြွတွေ ထိန်းချုပ်ထားဆဲဖြစ်တဲ့ နေရာတွေကနေပါ ရလာတဲ့ ကိန်းဂဏာန်းတွေအရ ဆိုရင် ယခုထိ သေဆုံးသူ အရပ်သားစာရင်းဟာ ၁၀၀ လောက်ထိ ရှိလာပြီ ဖြစ်ကြောင်း ဒေသအာဏာပိုင်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားသွားပါတယ်။

ကက်သလစ်ဘာသာဝင် အများစုနေထိုင်တဲ့ ဖိလစ်ပိုင်ရဲ့ တောင်ပိုင်းမွတ်ဆလင်အများစုရှိရာ မာရာဝီ မြို့ကိုတော့ ယခုအချိန်ထိ အိုင်အက်စ် အလံလွှင့်ထူထားတဲ့ စစ်သွေးကြွတွေက ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်ပြီး ဖိလစ်ပိုင်စစ်တပ်က လေကြောင်းကနေတဆင့် မြို့အစိတ်အပိုင်းတော်တော်များများကို ပစ်လွှတ်တိုက်ခိုက်နေလျက်ရှိပါတယ်။

အလားတူ တိုက်ပွဲများအတွင်း ပိတ်မိနေခဲ့တဲ့ အရပ်သားဓားစာခံတစ်ချို့ကိုလည်း စစ်တပ်က ကယ်ဆယ်ထားနိုင်ခဲ့ကြောင်း သိရပါတယ်။

ယခုလက်ရှိကာလမှာတော့ အိုင်အက်စ် ထောက်ခံတဲ့ အစ္စလမ္မစ် စစ်သွေးကြွတွေ ထကြွနေခဲ့တဲ့ နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းဒေသတစ်ခုလုံးမှာ မာရှယ်လော ထုတ်ပြန်ကြောင်း ဖိလစ်ပိုင် သမ္မတက ကြေညာထားပြီး စစ်သွေးကြွရှင်းလင်းရေးလုပ်ငန်းတွေကို  အားစိုက်လုပ်ဆောင်နေလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly