Billboard အယ်လ်ဘမ်ဇယား၏ ထိပ်ဆုံးနေရာသို့ One More Light အယ်လ်ဘမ်ဖြင့် Linkin Park ရောက်ရှိ

Billboard အယ်လ်ဘမ်ဇယား၏ ထိပ်ဆုံးနေရာသို့ One More Light အယ်လ်ဘမ်ဖြင့် Linkin Park ရောက်ရှိ

အမေရိကန်ရော့ခ်ဂီတအဖွဲ့ Linkin Park သည် One More Light ဟု အမည်ရသော ၎င်းတို့အဖွဲ့၏ ၇ ခု မြောက် စတူဒီယိုအယ်လ်ဘမ်အသစ်ကို မေလ ၁၉ရက်နေ့က ဖြန့်ချီခဲ့ပြီး ထိုအယ်လ်ဘမ်သည် ရောင်းအား အကောင်းဆုံးဖြစ်ခဲ့ကာ Billboard အကောင်းဆုံး အယ်လ်ဘမ် ၂၀၀ဇယားတွင် ထိပ်ဆုံးမှရပ်တည်နေသည်။

Nielsen SoundScan ၏ တိုင်းတာမှု အချက်အလက်များအရ ထိုစတူဒီယို အယ်လ်ဘမ်သည် တစ်ပတ်အတွင်း အချပ်ရေ ၁၁၁၀၀၀ ကျော်ခန့်ရောင်းချခဲ့ရပြီး One Direction အဖွဲ့ဝင် ဟယ်ရီစတိုင်လ်၏ တစ်ကိုယ်တော် အယ်လ်ဘမ်ခွေကို ကျော်ဖြတ်ကာ ဇယားထိပ်ဆုံး၌ ရပ်တည်နေသည်။

ထို့ကြောင့် One More Light သည် Billboard အကောင်းဆုံး အယ်လ်ဘ် ၂၀၀ ဇယားတွင် ထိပ်ဆုံးမှ ရပ်တည် နိုင်သည့် Linkin Park ၏ ၆ခုမြောက် အယ်လ်ဘမ်ဖြစ်သည်။

Billboard အကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယားအား ရေတွက်ပုံမှာ အယ်လ်ဘမ်ရောင်းချရမှုများ၊ သီချင်း ရောင်းချရမှုအကြိမ်ရေ ( သီချင်းဆယ်ပုဒ်မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) ၊ အင်တာနက်မှ သီချင်းနားဆင်မှု အကြိမ်ရေ ( နားဆင်မှုအကြိမ် ၁၅၀၀ မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) တို့အား တွက်ချက်၍ အဆင့်သတ် မှတ်ခြင်း ဖြစ်သည်။

ရက်ပ်အဆိုတော် ကန်းဒရစ်ခ်လာမား၏ Damn အယ်လ်ဘမ်က အချပ်ရေ ၉၇၀၀၀ ခန့် ထပ်မံရောင်းချနိုင်ခဲ့ကာ ဇယား၏ဒုတိယနေရာတွင် ရပ်တည်နေပြီး ဟယ်ရီစတိုင်လ်၏ Harry Styles အယ်လ်ဘမ်က အချပ်ရေ ၆၇၀၀၀ ခန့် ထပ်မံရောင်းချနိုင်ခဲ့ပြီး တတိယနေရာမှ ရပ်တည်နေသည်။

အွန်လိုင်းမှ သီချင်းတစ်ပုဒ်ချင်းစီ ရောင်းချနိုင်မှုကိုရေတွက်၍ အဆင့်သတ်မှတ်သော ဒစ်ဂျစ်တယ်သီချင်းဇယား တွင် ဂျက်စတင်ဘီဘာ တွဲဖက်သီဆိုပေးထားသော ပွေတိုရီကိုအဆိုတော် လုဇ်ဖွန်စီ၏ Despacito သီချင်းက ဦးဆောင်နေသည်မှာ ၃ပတ်ခန့် ရှိပြီဖြစ်ပြီး ကော်ပီ ၁၃၇၀၀၀ ခန့် ထပ်မံရောင်းချနိုင်ခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly