အာရီရာနာဂရန်ဒီ၏ မန်ချက်စတာရန်ပုံငွေ ဖျော်ဖြေပွဲ၌ နာမည်ကျော်အဆိုတော်များ ပါ၀င်ဖျော်ဖြေမည်

အာရီရာနာဂရန်ဒီ၏ မန်ချက်စတာရန်ပုံငွေ ဖျော်ဖြေပွဲ၌ နာမည်ကျော်အဆိုတော်များ ပါ၀င်ဖျော်ဖြေမည်

လာမည့် တနင်္ဂနွေနေ့တွင် ကျင်းပမည့် မန်ချက်စတာရန်ပုံငွေဖျော်ဖြေပွဲတွင် နာမည်ကျော် အဆိုတော်များ ဖြစ်ကြသော ဂျက်စတင်ဘီဘာ၊ Coldplay နှင့် ကေတီပယ်ရီတို့သည် အာရီရာနာဂရန်ဒီနှင့်အတူ လာရောက်ဖျော်ဖြေ မည်ဖြစ်သည်။

One Love Manchester ဟု အမည်ပေးထားသော ရန်ပုံငွေ ဂီတဖျော်ဖြေပွဲမှ ရရှိသောငွေကြေးများကို မန်ချက် စတာဗုံးပေါက်ကွဲမှု၌ ဆုံးရှုံးနစ်နာခဲ့ရသူများအား လှူဒါန်းမည်ဖြစ်သည်။

လာမည့်တနင်္ဂနွေနေ့တွင် အိုးထရက်ဖို့ဒ် ခရစ်ကတ်ကစားကွင်း၌ ဖျော်ဖြေမည့်ပွဲ၌ Take That အဖွဲ့ ၊ မိုင်လီ ဆိုင်းရပ်စ် နှင့် ဖာရဲလ်ဝီလီယမ်တို့လည်း ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

အာရီရာနာဂရန်ဒီသည် လွန်ခဲ့သောမေလ ၂၂ရက်နေ့က မန်ချက်စတာအားကစားကွင်း၌ ဖျော်ဖြေခဲ့သော သူမ၏ ဖျော်ဖြေပွဲသို့ လာရောက်ကြည့်ရှုခဲ့သူများကို ယခုပြုလုပ်မည့် ရန်ပုံငွေပွဲအတွက် အခမဲ့ကြည့်ရှုခွင့်ပေး မည်ဖြစ်သည်။

အခြားလာရောက် ဖျော်ဖြေမည့်အနုပညာရှင်များမှာ One Direction အဖွဲ့မှ နီရယ်ဟော်ရန်၊ အဆိုတော် Usher တို့ဖြစ်ပြီး နောက်ထပ်အဆိုတော်များကို ထပ်မံကြေညာဦးမည်ဖြစ်သည်။

အဆိုပါအားကစားကွင်းသည် လူပေါင်း ၅သောင်းခန့် ဝင်ဆံ့ပြီး အဆိုပါဖျော်ဖြေပွဲကို BBC One နှင့် BBC radio တို့မှ ထုတ်လွှင့်သွားမည်ဖြစ်သည်။

ပွဲလက်မှတ်များကို လာမည့် ကြာသာပတေးနေ့တွင် ရောင်းချမည်ဖြစ်ပြီး ဈေးနှုန်းများကို မကြာခင်ကြေညာမည် ဖြစ်သည်။ လာရောက်ကြည့်ရှုမည့်သူများကို ကျောပိုးအိတ်များ မယူဆောင်လာကြရန်   မေတ္တာရပ်ခံထားသည်။

ပြီးခဲ့သော မေလ ၂၂ရက်နေ့က အာရီရာနာဂရန်ဒီ၏ ဖျော်ဖြေပွဲတွင် အသေခံဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၂ဦးခန့် သေဆုံးခဲ့ကာ ထိုဖောက်ခွဲမှုသည် ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း IS တို့ကကြေညာခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly