ဖိလစ်ပိုင်တောင်ပိုင်း တိုက်ပွဲများအတွင်း သေဆုံးသူ ရာကျော်ရှိလာ

ဖိလစ်ပိုင်တောင်ပိုင်း တိုက်ပွဲများအတွင်း သေဆုံးသူ ရာကျော်ရှိလာ

မနီလာ၊ မေ ၃၀ ။            ။ ဖိလစ်ပိုင်တောင်ပိုင်း မာရာဝီမြို့တွင် ဖြစ်ပွားနေဆဲ သူပုန်များနှင့် ဖိလစ်ပိုင်စစ်တပ်တို့ကြား တိုက်ပွဲများအတွင်း သေဆုံးသူ လူပေါင်း ၁၀၀ ကျော်ထက်မနည်း ရှိသွားပြီဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက မေ ၃၀ ရက်တွင်ပြောသည်။

မေ ၃၀ တစ်ရက်တည်းတွင် အိုင်အက်စ်အဖွဲ့နှင့် ချိတ်ဆက်သည့် Maute သူပုန်အုပ်စုဖက်က လေးဦးသေဆုံးပြီး စစ်တပ်ဖက်က နှစ်ဦးကျဆုံးသည်ဟု အစိုးရပြောခွင့်ရပုဂ္ဂိုလ် အဘယ်လာက သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က စတင်သည့် တိုက်ပွဲများအတွင်း သေဆုံးသူဦးရေသည် ၁၀၄ ဦးရှိပြီး အရပ်သား ၁၉ ဦး၊ သူပုန် ၆၅ ဦး၊ စစ်သား ၁၇ ဦးနှင့် ရဲ သုံးဦးတို့ သေဆုံးခြင်းဖြစ်သည်။

အိုင်အက်စ်သစ္စာခံ အစွန်းရောက်အဖွဲ့ဖြစ်သော အဘူဆေယက်စ်အဖွဲ့၏ခေါင်းဆောင် အစ္စနီလွန်အား ဖမ်းဆီးနိုင်ရေး စစ်တပ်၏ ထိုးစစ် အရေးနိမ့်သွားရာမှ မေ ၂၃ ရက်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခြင်းဖြစ်သည်။ အစ္စနီလွန်ကို မာရာဝီရှိ Maute သူပုန်အုပ်စု အဖွဲ့ဝင်များက အကာအကွယ်ပေးထားသည်။

လက်ရှိတွင် လေကြောင်းပစ်ကူမှုများနှင့်အတူ ဖိလစ်ပိုင်စစ်တပ်နှင့် မြို့နေရာတော်တော်များများတွင် ထိပ်တိုက်တိုက်ပွဲ ဆင်နွှဲနေရသည့် အင်အား ၅၀ နီးပါးရှိသော Maute သူပုန်အုပ်စုမှာ အင်အားချည့်နဲ့နေပြီလည်းဖြစ်သည်။

မာရာဝီမြို့တွင်းတိုက်ပွဲများကြောင့် မြို့နေ နှစ်သိန်းကျော်မှာ အနီးနားမြို့များသို့ ထွက်ပြေးတိမ်းရှောင်ကြပြီး စစ်တပ်ကလည်း မြို့နီးကျင်တွင် ယာယီတဲစခန်းများဖွင့်ကာ လူပေါင်း လေးသောင်းကျော်ထက်မနည်းအား ရွှေ့ပြောင်းနေရာချပေးထားသည်။ သို့သော် ညှပ်ပူးညှပ်ကြပ် အပြန်အလှန်ပစ်ခတ်မှုများကြား ပြည်သူနှစ်ထောင်ကျော်ထက်မနည်း ပိတ်မိနေကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly