မုန်တိုင်းအဖျားခတ်မှုကြောင့် ရခိုင်တွင် နေအိမ်အမိုးလန်ကာ ဖုန်းလိုင်းပြတ်တောက်မှုဖြစ်ပေါ်

မုန်တိုင်းအဖျားခတ်မှုကြောင့် ရခိုင်တွင် နေအိမ်အမိုးလန်ကာ ဖုန်းလိုင်းပြတ်တောက်မှုဖြစ်ပေါ်

ရန်ကုန်၊မေ၃၀ ။             ။ မေလ ၂၉ ရက်ညပိုင်းက ဆိုင်ကလုန်းမုန်တိုင်း မိုရာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ဖက်ကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ကုန်းတွင်းသို့  ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး မုန်တိုင်အဖျားခတ်မှုကြောင့် ရခိုင်ပြည်နယ် မောင်တောနှင့် စစ်တွေမြို့များတွင် တယ်လီဖုန်းလိုင်းများ ပြတ်တောက်ခဲ့ရသည်။

လက်ရှိတွင် မောင်တောမြို့နဲ့ စစ်တွေမြို့ရှိ ဖုန်းလိုင်းများ အဆက်အသွယ် မရကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကိုကိုနိုင် က မေလ ၃၀ ရက် မနက်ပိုင်းတွင် မဇ္ဈိမကို ပြောသည်။

"တစ်ခုရှိတာက လောလောဆယ် မောင်တောပေါ့နော်။ မောင်တောက ကျွန်တော်တို့ရဲ့ Single Site Band (SSB)နဲ့ပဲ ရသေးတယ် ။ သူက တယ်လီဖုန်းလိုင်းတွေ ပျက်နေတယ်။ အဲတော့ ၂နာရီခြားတစ်ခါ ၊ ကျွန်တော်တို့က ဆက်သွယ်နေတယ်။ မောင်တောနဲ့ စစ်တွေနဲ့လည်း အဆက်အသွယ်မရဘူးဖြစ်နေတယ် ။ တခြားကျွန်တော်တို့ တယ်လီဖုန်းလိုင်းတွေနဲ့လည်း   လောလောဆယ် ဆက်သွယ်မရဘူး" ဟု မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကိုကိုနိုင်က ပြောသည်။

သို့သော်လည်း သဘာဝဘေးအန္တရာယ်အတွက် အသုံးပြုနိုင်သည့် SSB(Singla Site Band) ကိုအသုံးပြု၍ မောင်တောမြို့ရှိ လူမှုဝန်ထမ်းဌာနမှ ခရိုင်ဦးစီးမှူးနှင့် အဆက်အသွယ်ရရှိခဲ့ကြောင်း ဆိုသည်။

အပျက်အစီးစာရင်း ကောက်ခံနေပြီဖြစ်ပြီး ယခုအချိန်အထိ ကောက်ခံထားသော စာရင်းများအရ ရခိုင်ပြည်နယ်တွင် လူထိခိုက်မှု မတွေ့ရှိရသေးပဲ အိမ်ခေါင်မိုးလန်ခြင်းများ ရှိကြောင်း သိရသည်။

“ ဝန်ထမ်းအိမ် သုံးလုံးနဲ့ တချို့ဆိုရုံးကနေ အမိုးလန်တာ ရှိတယ် ။ ထွေအုပ်ရုံးရော ကျေးလက်ဦးစီးရုံးရော ။ အဲ့တာမျိုး မူလွန်ရော အဲ့တာတွေရှိတယ် ပြီးတော့ ပေါက်တောမှာလည်း နည်းနည်းရှိတယ် ။ လူနေအိမ်ရှစ်ခန်း တွဲတန်းလျားလေးလုံး ပျက်စီးတဲ့ မြောက်ဦးမှာလည်း ရှိတယ်” ဟု ဦးကိုကိုနိုင်က ပြောသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကိုကိုနိုင် အပါအဝင် တာဝန်ရှိသူများ နေပြည်တော်မှ စစ်တွေမြို့သို့ သွားရောက်နေပြီး ရခိုင်ပြည်နယ် အစိုးရနှင့် ချိတ်ဆက်ကာ ကယ်ဆယ်ရေး၊ ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

ရခိုင်ပြည်နယ်အပြင် မုန်တိုင်းကြောင့် ချင်းပြည်နယ်တွင် မြေပြိုမှုဖြစ်ခဲ့ပြီး ဟားခါးနှင့် ဖလန်းမြို့များတွင် ဖြစ်ကာ အိမ်လေးလုံး အမြန်ဆုံးရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပြည်နယ်အစိုးရနှင့် ပူးပေါင်းပြီး  လူမှုဝန်ထမ်းမှ ဆောင်ရွက်နေပြီး ပျက်စီးဆုံးရှုံးမှုရှိပါက Hot line phone ၀၆၇-၀၄၆၆ နှင့် ၀၆၇-၄၀၄၇၇၇ သို့ ဆက်သွယ်အကူညီတောင်းခံနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly