မုန်တိုင်းအဖျားခတ်မှုကြောင့် ရခိုင်ပြည်နယ် နောက်ဆုံးရအခြေအနေများ

မုန်တိုင်းအဖျားခတ်မှုကြောင့် ရခိုင်ပြည်နယ် နောက်ဆုံးရအခြေအနေများ

မေလ ၃၀ ။                 ။ မိုရာဆိုင်ကလုန်းမုန်တိုင်းက မေလ ၂၉ ရက်ညက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့အနီးက ဖြတ်ကျော်ပြီး ကုန်းတွင်းဝင်ရောက်ခဲ့ပါတယ်။ မူလက မြန်မာနိုင်ငံဘက်အခြမ်း၊ ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ မောင်တောမြို့တို့က မုန်တိုင်းဗဟိုချက်မှာ ကျနေပေမယ့် ဖြတ်ကျော်ချိန်မှာတော့ လွတ်ကင်းခဲ့ပါတယ်။ ဒါပေမယ့် မုန်တိုင်းအဖျားခတ်မှုတွေ ရှိခဲ့တာကြောင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကယ်ဆယ်ရေး၊ ပြုပြင်ရေးအတွက် ဆောင်ရွက်နေပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒေါက်တာဦးကိုကိုနိုင် (ညွှန်ကြားရေးမှူးချုပ်) နှင့် မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ မိုရာမုန်တိုင်းနဲ့ပတ်သက်ပြီး နောက်ဆုံးရအခြေအနေလေးပြောပြပေးပါဦးခင်ဗျ။

ဖြေ။ ကျွန်တော်တို့ အပျက်အစီးတွေလိုက်ကောက်နေတယ် ။ တချို့နေရာလေးတွေမှာ အမိုးလန်တာတွေ၊ ဘာတွေ ကြားတယ်။ ကျွန်တော်လည်း နေပြည်တော်က စထွက်နေပြီ စစ်တွေကို သွားမှာ။

မေး။ အဓိကဖြစ်နေတဲ့ နေရာတွေကရော ဘယ်နေရာတွေလဲခင်ဗျ

ဖြေ။ စစ်တွေမှာ အမိုးနည်းနည်းလန်တယ် ။ မောင်တောမှာတို့၊ ဘာတို့မှာရော၊ မာန်အောင်မှာလည်း ရှိတယ်။ စာရင်းတွေတော့ လိုက်ကောက်နေတုန်းပဲ ရှိသေးတယ်။

မေး။ လူတွေဘာတွေထိခိုက်တာရော ရှိလားဗျ။

ဖြေ။  ဝန်ထမ်းအိမ် သုံးလုံးနဲ့ တချို့ဆို ရုံးကနေ အမိုးလန်တာရှိတယ် ။ ထွေအုပ်ရုံးရော ကျေးလက်ဦးစီးရုံးရော အဲ့ဒါမျိုး ။ မူလွန်ရော အဲဒါတွေရှိတယ် ။ ပြီးတော့ ပေါက်တောမှာလည်း နည်းနည်းရှိတယ်။ လူနေအိမ်ရှစ်ခန်းတွဲ တန်းလျား ၄ လုံး ပျက်စီးတယ်။ မြောက်ဦးမှာလည်း ရှိတယ်။ အခုကတော့ တစ်နေရာတည်းမှာအများကြီးမဟုတ်ဘူး။  မြောက်ဦးမှာလည်း အိမ်လေးလုံးတဲ့ ။ ကျောက်တော်မှာရော အခု စာရင်းကောက်နေတုန်းပဲရှိသေးတယ်။

မေး။ အဓိက ထိခိုက်တာ ရခိုင်ပေါ့နော်။

ဖြေ။ ရခိုင်တစ်ခြမ်း၊  နောက်ပြီးတော့မှ ဟိုမှာ ချင်းမှာလည်းနည်းနည်းရှိတယ် ။ ချင်းမြေပြိုတယ် ဟားခါးရော ဖလန်းကို မြေပြိုတယ် ။ လူတွေတော့ဘာမှမဖြစ်ဘူး အိမ်တွေတော့ အမြန်ဆုံးရွေ့လိုက်တယ် ။ အများကြီးတော့မဟုတ်ဘူး။

 မေး။ အဲဒါတွေ ဆရာတို့ဘက်က ဘယ်လိုဆောင်ရွက်ပေးလဲ ခင်ဗျ။

ဖြေ။ သူတို့လုပ်ထုံးလုပ်နည်းစည်းမျဉ်းတွေနဲ့ အကုန်ဆောင်ရွက်မှာပေါ့ ။ အိမ်တစ်လုံးလိုက် ပြိုလို့ရှိရင် စည်းမျဉ်းစည်းကမ်းအတိုင်း ပေးမယ်လေ ။ ဆေးရုံတက်ရလို့ရှိရင်လည်း ပေးမယ်လေ ။ အိမ်တွေ ပျက်စီးသွားလို့ စားရေရိက္ခာလိုလို့ရှိရင် စားရေရိက္ခာပေးမယ်လေ ။ ဆန် ၇ ရက်စာတို့ ဘာတို့ ။ ကျွန်တော်တို့က လိုအပ်သလောက် ပေးမှာပေါ့လေ။ တကယ်တမ်း လိုတဲ့လူတွေပေးမယ် ။ နောက်တစ်ခုက အိမ်ပျက်သွားလို့ပစ္စည်းတွေမရှိဘူးဆိုရင် ကယ်ဆယ်ရေးပစ္စည်းတွေပေးမယ်။

မေး။ လတ်တလောဘာတွေဆောင်ရွက်နေလဲဗျ

ဖြေ။ ကျွန်တော်တို့အခုသွားမှာ နေပြည်တော်လေဆိပ်မှာ ။ ညနေစစ်တွေရောက်မှာ။

မေး။ ဘာများဖြည့်စွက်ပြောချင်လဲခင်ဗျ။

ဖြေ။ ပြည်နယ်အစိုးရနဲ့ပေါင်းစပ်ပြီးတော့မှ ဆောင်ရွက်မယ် ။ ကျွန်တော်တို့ရဲ့ ဒီအပျက်အစီးတွေနဲ့ ပတ်သက်ပြီးတော့မှ ကူညီဆောင်ရွက်မှုတွေ စတင်နေပါပြီလို့ အဲဒါလေးပြောချင်ပါတယ် ။ အားလုံးကလည်း ကျွန်တော်တို့ဆီကို သတင်းတွေပေးပို့နိုင်ကြပါတယ် ။ ကျွန်တော်တို့ရဲ့ ထုံးစံတိုင်း ဟော့လိုင်းဖုန်းတွေလေ ၀၆၇-၀၄၆၆ နဲ့ ၀၆၇-၄၀၄၇၇၇ ကိုလည်း ကျွန်တော်တို့ကို ဆက်သွယ်နိုင်ပါတယ်။

မေး ။ မောင်တော၊ စစ်တွေရဲ့ နောက်ဆုံးရအခြေအနေလေးလည်း သိချင်ပါတယ်။

ဖြေ။  တစ်ခုရှိတာက လောလောဆယ်မောင်တောပေါ့နော် မောင်တောက ကျွန်တော်တို့ရဲ့ Single Site Band (SSB)နဲ့ပဲ ရသေးတယ် သူက တယ်လီဖုန်းလိုင်းတွေပျက်နေတယ် အဲ့ကတော့ ၂နာရီခြားတစ်ခါ ကျွန်တော်တို့က ဆက်သွယ်နေတယ် မောင်တောနဲ့ စစ်တွေနဲ့လည်း အဆက်အသွယ် မရဘူးဖြစ်နေတယ်။ လူအသေအပျောက်တွေ ဘာတွေတော့ မကြားသေးဘူး ပြောတယ် ။ ကျွန်တော်တို့အတတ်နိုင်ဆုံး ပေါင်းစပ်ညှိနိူင်းဆောင်ရွက်နေပါတယ် ။ ကျွန်တော်တို့နဲ့လည်း ရခိုင်ပြည်နယ်အစိုးရနဲ့ အဆက်အသွယ်ရတယ်လေ ဝန်ကြီးချုပ်လည်း ကျွန်တော်တို့လာမှာ သိတယ်ဆိုတော့ ပေါင်းစပ်ပြီးတော့မှ ဆောင်ရွက်သွားမယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly