အစ္စလာမ်မစ်စစ်သွေးကြွများက နိုင်ငံတောင်ပိုင်း၌ လူ၁၉ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်ပြော

အစ္စလာမ်မစ်စစ်သွေးကြွများက နိုင်ငံတောင်ပိုင်း၌ လူ၁၉ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်ပြော

 မေ ၂၈ ။           ။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် အစ္စလာမ်မစ်စစ်သွေးကြွများသည် လမ်းများကိုပိတ်ဆို့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် တစ်လမ်းဝင်တစ်လမ်းထွက် တိုက်ခိုက်လျက်ရှိကာ အရပ်သား ၁၉ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဖိလစ်ပိုင်စစ် တပ်မှ တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပြီး တစ်ပတ်နီးပါးခန့် ကြာမြင့်လာပြီဖြစ်သော တိုက်ပွဲများကြောင့် သေဆုံး သူ ၈၅ ဦးခန့်အထိ မြင့်တက်လာပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ (အိုင်အက်စ်) တို့နှင့် အချိတ်အဆက်ရှိသော စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုများ သည် လျင်မြန်စွာ ကြီးထွားလာသောကြောင့် ပြီးခဲ့သောအင်္ဂါနေ့တွင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၏ သုံးပုံတစ်ပုံကို မာရှယ်လောထုတ်ပြန်ထားကြောင်း သမ္မတရိုဒရီဂိုဒူတာတေးက ကြေညာခဲ့သည်။

မွတ်စလင်အများစုနေထိုင်သော လူဦးရေ ၂သိန်းခန့်ရှိသည့် မာရာဝီမြို့တွင် စစ်သွေးကြွများသည် လူပေါင်း ၁၉ ဦးခန့်ကို သတ်ဖြတ်ခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။ သေဆုံးသူများထဲတွင် အမျိုးသမီး ၃ဦးနှင့် ကလေးငယ်တစ်ဦးပါဝင်ပြီး သူတို့၏အလောင်းများကို တက္ကသိုလ်တစ်ခုအနီး၌ တွေ့ရှိခဲ့ကြောင်း သိရသည်။

“သေဆုံးသူတွေဟာ အမျိုးသမီးတွေ၊ အရပ်သားတွေဖြစ်ပါတယ်။ ဒီအကြမ်းဖက်သမားတွေဟာ လူသတ်သမား တွေပါပဲ။ သေဆုံးသူတွေရဲ့ အလောင်းတွေကို ပြီးခဲ့တဲ့ စနေနေ့က ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက် စဉ်မှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်” ဟု ဒေသတွင်းရှိ စစ်တပ်မှပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ဂျိုအာ ဟာရဲရားက ပြောခဲ့သည်။

ဒါ့အပြင် သတင်းထောက်များသည် တနင်္ဂနွေနေ့တွင် မာရာဝီမြို့ဆင်ခြေဖုံးအရပ်ရှိ လမ်းဘေးတစ်နေရာ၌ အလောင်း ၈ လောင်းကို တွေ့ရှိခဲ့ကြောင်း သတင်းတင်ပြခဲ့ကြသည်။ ထိုသူများသည်   ဆေးကောလိပ်နှင့် ဆန် ကြိတ်စက်မှ အလုပ်သမားများဖြစ်ကြောင်း ဒေသခံများက ပြောခဲ့သည်။

စစ်တပ်သည် အဆိုပါသေဆုံးမှုများနှင့် ပက်သက်၍ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဟာရဲရားက ပြောခဲ့ သည်။

အကြမ်းဖက်မှုများသည် လွန်ခဲ့သော အင်္ဂါနေ့က စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဒေသတွင်းအိုင်အက်စ် ခေါင်းဆောင် ဖိလစ်ပိုင်စစ်သွေးကြွ အစ္စနီလွန်ဟာပီလွန်ကို ဖိလစ်ပိုင်လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးခဲ့မှုအား တုံ့ပြန်သည့်အနေဖြင့် ဒါဇင်ပေါင်းများစွာသော သေနတ်သမားများသည် မာရဝီမြို့အတွင်း၌ ထကြွခဲ့ကြခြင်း ဖြစ်သည်။

သေနတ်သမားများသည် အနက်ရောင် အိုင်အက်စ်အလံများကို စိုက်ထူခဲ့ကြပြီး ဘုရားကျောင်းထဲမှ ဘုန်းတော် ကြီးတစ်ဦးနှင့် လူ၁၄ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ကာ အဆောက်အဦးအား မီးရှို့ဖျက်ဆီးခဲ့သည်။

ဖိလစ်ပိုင်စစ်တပ်သည် စစ်သွေးကြွများ ခိုအောင်းနေသည်ဟု ယူဆရသော လူနေအိမ်များပေါ်သို့ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသောကြောင့်   မြို့သူမြို့သားအများစုသည် မြို့အတွင်းမှ စွန့်ခွာထွက်ပြေးခဲ့ ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly