မြောက်ဦးဆေးရုံကြီးတွင် အစိုးရအကူအညီဖြင့် အခမဲ့ခွဲစိတ်ကုသပေးမည်

မြောက်ဦးဆေးရုံကြီးတွင် အစိုးရအကူအညီဖြင့် အခမဲ့ခွဲစိတ်ကုသပေးမည်

မြောက်ဦး၊ မေ ၂၅ ရက်။            ။ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ပြည်နယ်အစိုးရအဖွဲ့၏ အစီစဉ်ဖြင့် အထွေထွေရောဂါ ဝေဒနာရှင်များအား အခမဲ့ကုဆေးသပေးလျှက်ရှိရာ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား မေလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း မြောက်ဦးဆေးရုံကြီးတွင် အခမဲ့ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခွဲစိတ်ကုသပေးမည့် ရောဂါများမှာ လိပ်ခေါင်းရောဂါ၊ အူကျရောဂါ၊ ကပ်ပါယ်အိတ် ရေဖျဉ်းဆွဲရောဂါ၊ တခြားကိုယ် ခန္ဓာရှိ အဖုအကျိတ်များနှင့် အမျိုးသမီးရောဂါများဖြစ်သည့် သားအိမ်ကျခြင်း၊ ဆီးအိမ်ကျခြင်းနှင့် ဆီးလမ်းကြောင်းနှင့် မွေးလမ်းကြောင်း တစ်ဆက်တည်းဖြစ်သွားသော ရောဂါများကို အထွေထွေရောဂါကု ဆရာဝန်ကြီးများဖြင့် ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း ကုသရေးဦးစီးဌာနမှူး ဒေါက်တာခွန်မောင်အိုးက ပြောသည်။

“အခုလူနာစာရင်း လက်ခံနေပါပြီ။ ခွဲမယ့်ရက်ကတော့ ၂၆၊ ၂၇ ရက်နေ့ပါ။ လူနာကို ဘယ်လောက်ခွဲမယ်ဆိုပြီး ကန့်သတ်မထားပါဘူး။ ရှိသလောက်ခွဲပါမယ်။ ဘယ်သူမဆို လာရောက်ကုသလို့ ရပါတယ်။”ဟု မြောက်ဦးမြို့နယ် ကုသရေးဦးစီးဌနမှုး ဒေါက်တာခွန်မောင်အိုးက ပြောသည်။

အဆိုပါရောဂါများကို ခွဲစိတ်ကုသရန်အတွက် ငွေကြေးအကုန်အကျ များပြားသောကြောင့် ဆင်းရဲနွမ်းပါးသူများအနေဖြင့် ခွဲစိတ်ရန် ငွေကြေးမတတ်နိုင်မှုများရှိသည့်အတွက် ပြည်နယ်လူမှုရေးဝန်ကြီး   ဒေါက်တာချမ်းသာ၏ အစီစဉ်ဖြင့် အခမဲ့ ကုသပေးနိုင်ရန်အတွက် ပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly