တစ်နိုင်ငံလုံး အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၂၅၉ ဦး လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့

တစ်နိုင်ငံလုံး အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၂၅၉ ဦး လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့
ဓာတ်ပုံ-သူရ/မဇ္ဈိ
 

ရန်ကုန်၊ မေ ၂၅ ။            ။ ဒုတိယအကြိမ်ကျင်းပသည့် ၂၁ ရာစု ပင်လုံ ကျင်းပသည့် အထိမ်းအမှတ်အဖြစ် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးမှ နိုင်ငံခြားသား ၇၃ ဦးနှင့် နိုင်ငံသား ၁၈၆ ဦး စုစုပေါင်း ၂၅၉ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ မေလ ၂၄ ရက်တွင် ထုတ်ပြန်သည်။

အင်းစိန် (ဗဟို) အကျဉ်းထောင်မှ ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မလေးခုဖြင့် တရားစွဲခဲ့ပြီး ပြစ်ဒဏ်နှစ်နှစ်ချမှတ်ခံရသည့် ဦးလှဖုန်းနှင့် လဝက ဥပဒေ ၁၃(၁) ဖြင့် ပြစ်ဒဏ်နှစ်နှစ်ကျခံရသူ တရုတ်နိုင်ငံသား တစ်ဦးတို့ကို လွှတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ကြောင်းသိရသည်။

မန္တလေး အကျဉ်းထောင်မှ အကျဉ်းသား ၄၅ ဦး လွှတ်မြောက်ခဲ့ပြီး နိုင်ငံခြားသား သုံးဦးပါဝင်ပြီး မွန်ပြည်နယ် သထုံမြို့ရှိ သထုံအကျဉ်းထောင်မှ နိုင်ငံသားအကျဉ်းသား သုံးဦး၊ သံတွဲအကျဉ်းထောင်မှ နိုင်ငံခြားသား အကျဉ်းသား ကိုးဦး အပါအဝင် အကျဉ်းသား ၂၅ဦး လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။

“ လွှတ်လိုက်တဲ့ အထဲမှာ တရားဥပဒေ စိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးကို ဖျက်ဆီးမယ့် သူတွေပါလာရင်တော့ အစိုးရမှာတာဝန်ရှိပါတယ်''ဟု နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့မှ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က နိုင်ငံပိုင်သတင်းစာသို့ ပြောကြားခဲ့သည်။

ထို့ပြင် မြစ်ကြီးနားအကျဉ်းထောင်တွင်မှ လွတ်မြောက်သူ သုံးဦးနှင့် ဗန်းမော်အကျဉ်းထောင်တွင် နိုင်ငံခြားသားနှစ်ဦး၊ နိုင်ငံသားတစ်ဦး စုစုပေါင်းခြောက်ဦး လွတ်မြောက်လာကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် နိုင်ငံတော်အစိုးရအပေါ်အကြည်ညို ပျက်စေမှု၊ ယုံကြည်အပ်နှံဖောက်ဖျက် မှုများဖြင့် တရားစွဲခံခဲ့ရပြီး တောင်ငူ ထောင်တွင် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံထားရသည့် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် သည်လည်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မေ ၂၄ရက် နံနက် ၈နာရီခွဲက တောင်ငူထောင်မှ လွတ်မြောက်ခဲ့သည်။

နိုင်ငံသားအကျဉ်းသားများအား ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံကို ကြိုဆိုသောအားဖြင့် လည်းကောင်း၊ လူမှုရေးအရ ငဲ့ညှာသော အားဖြင့်လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ(က) အရ လွတ်ငြိမ်းခွင့်ပြု လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly