ကွယ်လွန်သူရော်ဂျာမိုးအား ဒန်နီရယ်ခရိတ်ခ်နှင့် ပီရာ့စ်ဘရော့စ်နန်တို့ ရည်စူးဂုဏ်ပြု

ကွယ်လွန်သူရော်ဂျာမိုးအား ဒန်နီရယ်ခရိတ်ခ်နှင့် ပီရာ့စ်ဘရော့စ်နန်တို့ ရည်စူးဂုဏ်ပြု

လက်ရှိ ဂျိမ်းစ်ဘွန်းမင်းသားဖြစ်သော ဒန်နီရယ်ခရိတ်ခ်သည် အင်္ဂါနေ့က အသက် ၈၉ နှစ်အရွယ်၌ ကွယ်လွန် သွားခဲ့သော ၀၀၇ အေးဂျင့်အဖြစ် အချိန်ကြာမြင့်စွာ သရုပ်ဆောင်ခဲ့သူ  ဂျိမ်းစ်ဘွန်းမင်းသားဟောင်းကြီး ဆာရော်ဂျာမိုးအား ရည်စူးဂုဏ်ပြုခဲ့သည်။

ခရိတ်ခ်သည် ဆာရော်ဂျာနှင့်အတူ ညစာစားပွဲဝတ်စုံ ဝတ်ဆင်ပြီး တွဲရိုက်ထားသော ဓာတ်ပုံကို အင်တာနက် ပေါ်သို့တင်ခဲ့ကာ “ ဘယ်သူမှ သူ့လောက်ကောင်းအောင် သရုပ်မဆောင်နိုင်ပါဘူး” ဟု ရေးသားခဲ့သည်။

ဂျိမ်းစ်ဘွန်းဇာတ်ကား ၇ ကား၌ သရုပ်ဆောင်ခဲ့သော မင်းသားကြီး ဆာရော်ဂျာမိုးသည် သူ့အမြင်၌ ဆာရှောင်ကွန်နရီသည် အကောင်းဆုံး ဂျိမ်းစ်ဘွန်းဇာတ်ကောင်ဖြစ်ကြောင်းနှင့် လက်ရှိဂျိမ်းစ်ဘွန်းဇာတ်ကောင် နေရာ၌ သရုပ်ဆောင်နေသူ ဒန်နီရယ်ခရိတ်ခ်ကို ရရှိထားခြင်းသည် ပရိတ်သတ်များအတွက် ကံကောင်းသည် ဟု ပြောခဲ့ဖူးသည်။

ခရိတ်ခ်၏ ဂျိမ်းစ်ဘွန်းဇတ်ကောင်ကို ကြိုက်နှစ်သက်သူဖြစ်ပြီး သူကိုယ်တိုင်လည်း ဂျိမ်းစ်ဘွန်းရုပ်ရှင် ၄ကားထဲ ၌ သရုပ်ဆောင်ခဲ့ဖူးသူ ပီရာ့စ်ဘရော့စ်နန်ကလည်း ဆာရော်ဂျာမိုးအား ကြီးကျယ်ခမ်းနားသူ တစ်ဦးဖြစ်ကြောင်း ရည်စူးဂုဏ်ပြုခဲ့သည်။

ဘရော့စ်နန်က “ဆာရော်ဂျာမိုးရေ ဒီနေ့မနက်မှာ ခင်ဗျားကွယ်လွန်သွားပြီဆိုတဲ့ သတင်းကို ကျနော်ကြားလိုက် တဲ့အချိန်မှာ တကယ့်ကို စိတ်ထိခိုက်ရပါတယ်” ဟု အင်စတာဂရမ်၌ ဆာရော်ဂျာနှင့် တွဲရိုက်ထားသော သူ၏ ဓာတ်ပုံကိုတင်ကာ ရေးသားခဲ့သည်။

ဆာရော်ဂျာမိုးသရုပ်ဆောင်ခဲ့သော ဂျိမ်းစ်ဘွန်းဇာတ်ကားများထဲ၌ Moonraker ၊ A View To A Kill နှင့် The Man With The Golden Gun တို့မှာ နာမည်ကျော်ကြားသော ဇာတ်ကားများဖြစ်ကြသည်။

ဆွစ်ဇာလန်နိုင်ငံ၌ ကွယ်လွန်သွားခဲ့သူ ဆာရော်ဂျာမိုး၏ အသုဘအခမ်းအနားကို သူ၏ဆန္ဒအရ မိုနာကို၌ သီးသန့်အခမ်းအနားဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သူ၏ သားသမီးများက ပြောခဲ့သည်။

Ref: Sky News

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly