ကျပ်သိန်း ၂၅ဝဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်ဆေးပြားများ စစ်ကိုင်းတွင် ဖမ်းမိ

ကျပ်သိန်း ၂၅ဝဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်ဆေးပြားများ စစ်ကိုင်းတွင် ဖမ်းမိ
ဓာတ်ပုံ-MOI

ရန်ကုန်၊ မေလ ၂၁ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနားကားလမ်း၊ နဘားလမ်းဆုံတွင် မန္တလေးမှ မြစ်ကြီး နားသို့ မောင်းနှင်လာသော ကားထိုင်ခုံနောက်ကျောနှင့် ကားကြမ်းခင်းအတွင်းမှ ကျပ်သိန်း ၂၅ဝဝ ကျော်တန်ဖိုး ရှိ ဘိန်းဖြူအပါအဝင် ဘိန်းမည်းများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးမှ မေလ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ရွှေဘို-မြစ်ကြီးနားကားလမ်း၊ နဘားလမ်းဆုံတွင် ဖြတ်သန်းယာဉ်များကို နဘားရဲကင်းစခန်းမှ မေ ၁၉ ရက်၊ မနက် ၁၁ နာရီခွဲက ရှောင်တခင်စစ်ဆေးနေစဉ် မန္တလေးမှမြစ်ကြီးနားသို့ မောင်းနှင်လာသော ကားတစ်စီးကို ရပ်တန့်စစ်ဆေးရာတွင် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကားကို ရှာဖွေစစ်ဆေးရာ ကားထိုင်ခုံနောက်ကျောနှင့် ကားကြမ်းခင်းအတွင်း ဝှက်ပြီး သယ်ဆောင်လာသော ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက်များ၊ စိတ်ကြွ ရူးသွပ်ဆေးပြားများနှင့် ဘိန်းမည်းများထည့်ထားသည့် အထုပ်တစ်ထုပ်ကို သက်သေများရှေ့တွင် ရှာဖွေ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယင်းကားပေါ်တွင် လီမင်ကွေ့၊ ရန်ဖာ ဆိုသူ နှစ်ဦးပါရှိကာ ယာဉ်မောင်း ဂျောင်ကွေ့ချောက် ဆိုသူကမောင်း နှင်လာခြင်းဖြစ်ပြီး ကားပေါ်မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ ဘိန်းဖြူ ၁ဝ ဂရမ်စီပါ ဆပ်ပြာခွက် ၁၅၄ ခွက်အတွင်းမှ ၁၆၉၄ ဂရမ်၊ ၈၈/၁ စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ဝ ပါ ၆၉ ထုပ်နှင့် ၁၉၅ ပြားပါ အထုပ် ၂ဝအတွင်းမှ ဆေးပြား ၁၇ဝ၁ဝ၊ ဘိန်းမည်း ၄ဝ ကျပ်သားခန့် တစ်ထုပ် ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၂၅ဝဝ ကျော် (၂၅၅,၉၂၁,၂ဝဝ) ကျပ်တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ မူးယစ်ဆေးဝါးများအား လားရှိုးမြို့နယ်အတွင်းမှ ဝယ်ယူခဲ့ပြီး ကချင်ပြည်နယ် ဖားကန့်မှော်များသို့ ဖြန့်ဖြူးရောင်းချရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly