အက်ဖ်အေဖလား ဗိုလ်လုပွဲအပြီးတွင် အာဆင်နယ်ဘုတ်အဖွဲ့ အစည်းအဝေးထိုင်ကာ အာစင်ဝင်းဂါး၏ အနာဂတ်ကို ဆုံးဖြတ်မည်

အက်ဖ်အေဖလား ဗိုလ်လုပွဲအပြီးတွင် အာဆင်နယ်ဘုတ်အဖွဲ့ အစည်းအဝေးထိုင်ကာ အာစင်ဝင်းဂါး၏ အနာဂတ်ကို ဆုံးဖြတ်မည်

မေ ၂၀၊ အင်္ဂလန် ။               ။ အက်ဖ်အေဖလားဗိုလ်လုပွဲအပြီးမှာ သူ့ရဲ့အနာဂတ်အတွက် အသင်းဘုတ်အဖွဲ့က အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်မှာ ဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောဆိုလိုက်ပါတယ်။

ဒီနှစ်မှာ အာဆင်နယ်အသင်းရဲ့ဆိုးရွားနေတဲ့အခြေအနေတွေကြောင့် အသင်းပရိသတ်တွေက အာစင်ဝင်းဂါးကို အသင်းက ထွက်ခွာသွားဖို့ အကြိမ်ကြိမ်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အာစင်ဝင်းဂါးက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းခဲ့တဲ့ အချိန်တိုင်း ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

အခုလည်း အာစင်ဝင်းဂါးကို အဲဗာတန်နဲ့ကစားရမယ့် အိမ်ကွင်းပွဲစဉ်ဟာ သူ့ရဲ့နောက်ဆုံးအိမ်ကွင်းပွဲစဉ်လားလို့ မေးမြန်းခဲ့ရာမှာ ဝင်းဂါးက ဒီရာသီအတွက်တော့ ဟုတ်ပါတယ်လို့ ဖြေကြားခဲ့ပြီး အက်ဖ်အေဖလားဗိုလ်လုပွဲအပြီးမှာ ဘုတ်အဖွဲ့ဝင်တွေက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးသွားဖို့ရှိတယ်လို့ ဆိုခဲ့ပါတယ်။

‘အက်ဖ်အေဖလားဗိုလ်လုပွဲအပြီးမှာ အသင်းနဲ့ပတ်သက်ပြီးဆွေးနွေးစရာတွေ အများကြီးရှိပါတယ်။ နည်းပြကိစ္စကလည်း တစ်ခုအပါအဝင်ပါ’ လို့ ဝင်းဂါးက ဆိုပါတယ်။

အာစင်ဝင်းဂါးရဲ့နေရာကို ဒေါ့တ်မွန်နည်းပြ သောမတ်တူချယ်နဲ့အစားထိုးမယ်လို့ လက်ရှိအချိန်မှာ သတင်းတွေထွက်ပေါ်နေသလို ဂျာမနီမှာလည်း တူချယ်ရဲ့ဒေါ့တ်မွန်နည်းပြအနာဂတ်က မသေချာတော့ဘူးလို့ ရေးသားနေကြပါတယ်။

အာဆင်နယ်အသင်းကတော့ တူချယ်နဲ့တွေ့ဆုံဆွေးနွေးခဲ့ခြင်းမရှိဘူးလို့ ငြင်းဆိုထားသလို ဒေါ့တ်မွန်အသင်းဘက်ကလည်း တူချယ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ရာသီအကုန်မှာ ဆွေးနွေးသွားမယ်လို့ ဆိုထားပါတယ်။

တူချယ်လ်ဟာ ဒီရာသီမှာ ဒေါ့တ်မွန်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်စွမ်းဆောင်ပေးထားပြီး ဂျာမန်ပိုကယ်ဖလား ဗိုလ်လုပွဲဆီပို့ဆောင်ပေးထားပါတယ်။ တူချယ်ဟာ လက်ရှိလီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်ရဲ့ ဒေါ့တ်မွန်နည်းပြရာထူးကို ဆက်ခံခဲ့သူ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly