ဆိုမာလီမာ၊ မေ ၁၉ ။ ။ မိုးခေါင်မှု ကြုံရသည့် ဆိုမာလီနိုင်ငံတွင် နောက်ဆက်တွဲအဖြစ် ငတ်မွတ်ခေါင်ပါးမှု၊ သေကျေပျက်စီးမှုများ ရှိနေရာ ဘိုင်ဒိုအာမြို့ရှိ အာဟာရပေး စောင့်ရှောက်ရေးစင်တာသို့ တက်ရောက်လာရသည့် ကလေးငယ်အရေအတွက် နှစ်ဆကျော် မြင့်တက်ခဲ့သည်။
နိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းရှိ ငါးနှစ်အောက် အာဟာရချို့တဲ့ကလေးငယ်များအား အသက်ကယ်တင်ရေးစောင့်ရှောက်မှုပေးရာ နေရာအနည်းငယ်အနက် တစ်ခုအပါအဝင်ဖြစ်သော ယင်းစင်တာသို့ ရောက်ရှိသည့် ကလေးငယ်များသည် ယခင်နှစ်ကနှင့်နှိုင်းယှဉ်လျှင် နှစ်ဆမျှ များပြားလာခဲ့သည်။
တောင်ပိုင်း ကီစမာယိုဆိပ်ကမ်းမြို့က အလားတူစင်တာတွင်လည်း ထိုနည်းလည်းကောင်းပင် ရောက်ရှိကလေးငယ်များ များပြားသည်။
ဘိုင်ဒိုအာစင်တာတွင် တက်ရောက်သည့် ငါးနှစ်အောကက်ကလေးငယ်များသည် ယခင်နှစ်က ၁၀၀ ကျော်မျှသာ ရှိရာမှ ယခုတွင် ၂၃၀ ကျော် ရှိနေသည်။
အဆိုပါ စင်တာနှစ်ခုတွင် ကယ်ဆယ်ကုသပေးနေရသည့် အာဟာရချို့တဲ့သည့် ကလေးငယ်အရေအတွက်သည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၈၀ ရာခိုင်နှုန်း တိုးမြင့်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်းနှင့် ဆိုမာလီကြက်ခြေနီအသင်းတို့က ပြောခဲ့သည်။