ကားလမ်းဘေး ကျွန်းပင်များခုတ်လှဲမှုအတွက် ကျေးရွာသား ၉ ဦးကို စစ်ဆေးမည်

ကားလမ်းဘေး ကျွန်းပင်များခုတ်လှဲမှုအတွက် ကျေးရွာသား ၉ ဦးကို စစ်ဆေးမည်
ခုတ်လိုက်သော ကျွန်းပင်များအစား ကျွန်းပင်ပေါက်များပြန်လည်စိုက်ပျိုးနေပုံ။ ဓာတ်ပုံ-ရေခဲ(ပြည်)

ပဲခူး၊ မေ ၁၉ ။             ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့နယ် ပေါင်းတလည်မြို့ ဗြူးကုန်းကျေးရွာအဝင် ကတ္တရာလမ်း ဘေးဝဲယာ မှ ကျွန်းပင်များခုတ်လှဲခံရမှုအတွက် ဒေသခံကျေးရွာသား ၉ ဦးကို စစ်ဆေးမည်ဖြစ်ကြောင်း ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

“စစ်ဖို့အဖွဲ့ ဖွဲ့ထားပြီးပြီ ။ သစ်တော ၊ မြေစာရင်း ၊ ထွေအုပ်ပါတယ်။ ဘယ်ရက် စစ်ဖြစ်မလဲ မသိဘူး”ဟု မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဒေါ်စန်းစန်းဌေးက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၁ ရက်တွင် ပေါင်းတလည်မြို့ရှောင်လမ်းနှင့်ဆက်သွယ်ထားသော ဗြူးကုန်းကျေးရွာ အဝင်ကားလမ်းဘေး တစ်ဖက်တစ်ချက်ရှိ ကျွန်းပင်များ ခုတ်လှဲခံခဲ့ရသည်။

တစ်ပေလုံးပတ်ကျော်ရှိသည့် ကျွန်းပင် ၂၀၀ ခန့်ကို သက်ဆိုင်ရာသစ်တောဌာန နှင့်  ကျေးရွာအုပ်ချုပ်ရေးမှူးရုံး သို့ အကြောင်းကြားခြင်းမရှိဘဲ ကျေးရွာသား ၉ ဦးကခုတ်လှဲခဲ့သည်ဟု ဗြူးကုန်းကျေးရွာသားတစ်ဦးဖြစ်သူ ဦးဝင်းကိုက ပြည်မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးနှင့် ပြည်မြို့နယ် သစ်တောဦးစီးဌာနသို့ မေလ ၁၅ ရက် ရက်စွဲဖြင့် တိုင်ကြားထားသည်။

“ တိုင်စာအရ ကွင်းဆင်းစစ်ဆေး ပြီးပြီ။ သစ်တောမှု လုပ်ထားတယ်”ဟု ပြည်မြို့နယ် သစ်တော ဦးစီးဌာနမှ ကိုစိုးဝင်းက ဆိုသည်။

၂၀၁၁  ခုနှစ်က ကျေးလက်ဒေသဖွံံ့ဖြိုးတိုးတက်ရေးစီမံချက်ဖြင့် ဗြူးကုန်းကျေးရွာအဝင်လမ်းတွင် ကျေးရွာနေ အိမ်ထောင်စု ၁၁၉ စုက တစ်အိမ်ထောင်လျှင် ကျွန်းပင် သုံးပင်ကျ စိုက်ပျိုးခဲ့ပြီး လုံးပတ် ၅ လက်မ ၄ လက်မခန့်ရှိ ကျွန်းပင် ၄၃ ပင်ခုတ်လှဲခံရသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟုလည်း ပြည်မြို့နယ်သစ်တောဌာန မှ ဦးစိုးဝင်းက ပြောသည်။

ခုတ်လှဲထားသည့် ကျွန်းပင်များကို ဗြူးကုန်းကျေးရွာဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ထားရှိပြီး စစ်ဆေးတွေ့ရှိချက်များကို အထက်ဌာနဆိုင်ရာ အဆင့်ဆင့်သို့ တင်ပြသွားမည်ဟုလည်း ကိုစိုးဝင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly