၂၁ ရာစုပင်လုံညီလာခံကို တစ်ဖွဲ့ချင်း မတက်ရောက်နိုင်ကြောင်း မြောက်ပိုင်းအဖွဲ့များ ထုတ်ပြန်

၂၁ ရာစုပင်လုံညီလာခံကို တစ်ဖွဲ့ချင်း မတက်ရောက်နိုင်ကြောင်း မြောက်ပိုင်းအဖွဲ့များ ထုတ်ပြန်

ရန်ကုန် ၊ မေ ၁၈ ။               ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ အစည်းအဝေးသို့ တစ်ဖွဲ့ချင်းအနေဖြင့် ဖိတ်ကြားပါက တက်ရောက်မည် မဟုတ်ကြောင်း   ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ က ယမန်နေ့ မေ လ ၁၇ ရက်နေ့က သတင်း ထုတ်ပြန်ထားသည်။

သို့သော် ၀ လက်နက်ကိုင်အဖွဲ့ (UWSA) က ဦးဆောင်သည့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့ ပါဝင်ဖွဲ့စည်းထားသည့် “ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ’’ အနေဖြင့် ဆိုရင် တက်ရောက်ရန် အဆင်သင့်ရှိနေသည်ဟု ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယမန်နေ့ မေလ ၁၇ ရက်တွင် UWSA ဌာန ချုပ် ပန်ဆန်း (ပန်ခမ်း)မြို့၌ ကချင်လက်နက်ကိုင်အဖွဲ့(KIO)၊ ၀ လက်နက်ကိုင်အဖွဲ့(UWSA)၊ မိုင်းလားလက်နက်ကိုင်အဖွဲ့(NDAA)၊ ရှမ်းလက်နက်ကိုင် အဖွဲ့(SSPP)၊ တအောင်း လက်နက်ကိုင် အဖွဲ့(TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့( MNDAA) နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့(AA) တို့ မှ ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ သည် ၂၁ ရာစု ပင်လုံညီလာခံနှင့် ပတ်သက်ပြီး အစည်းအဝေးကျင်းပပြီးနောက် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို ကြိုဆိုပြီး အားလုံးပါဝင်ရေးမူကို အလေးထားပြီး တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးကို မည်သည့်ကြိုတင်ကန့်သတ်ချက်မျှမထားရှိဘဲ တန်းတူရည်တူပါဝင်ခွင့်ရှိရန် တိုက်တွန်းသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက "ပြီးခဲ့တဲ့ UPDJC အစည်းအဝေးမှာ ဆုံးဖြတ်ချက် ချထားပြီးသား၊ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို အထူးဖိတ်ကြားသူအနေနဲ့ ဖိတ်မယ်ဆိုပြီး သဘောတူထားတယ်။ အဲ့ဆုံးဖြတ်ချက်အတိုင်းပဲ UPDJC က ဖိတ်မယ်" ဟု ပြောသည်။

အစိုးရနှင့် တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသော်လည်း ၀ လက်နက်ကိုင်အဖွဲ့ (UWSA) ဦးဆောင်သည့်   မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့သည် အပစ်ရပ် NCA လက်မှတ်မထိုးဘဲ နိုင်ငံရေးဆွေးနွေးခွင့်ရရှိရန် ကြိုးစားနေသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲမှ အထူး ဖိတ်ကြားခံရသူ၊ NCA မထိုးသော်လည်း ကတိပြုချက် (DoC) ရေး ထိုး၍  တက်ရောက်သည့် ကိုယ် စားလှယ်နှင့် NCA ရေးထိုးကာ အပြည့်အဝပါဝင်ခွင့်ရှိသည့် ပုံစံစသည့်သုံးမျိုးဖြင့် ၂၁ရာစု ပင်လုံအစည်းအဝေးတွင် ပါဝင်ခွင့်ရရှိမည် ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၆ စက်တင်ဘာလဆန်းက ကျင်းပသည့် ၂၁ ရာစု ပင်လုံ ပထမအစည်းအဝေးတွင် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့အနက် UWSA, KIO, SSPP နှင့် မိုင်းလားအဖွဲ့တို့ တက် ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly