ပေါက်တောမြို့ ရပ်ကွက် ၃ ဆီဆိုင်တန်း မီးလောင်မှုဖြစ်

ပေါက်တောမြို့ ရပ်ကွက် ၃ ဆီဆိုင်တန်း မီးလောင်မှုဖြစ်

ပေါက်တော၊ မေ ၁၇ ရက် ။            ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ အမှတ် (၃) ရပ်ကွက် ဈေးအနီးရှိ ဆီဆိုင်တန်းမှ စတင်ကာ ယနေ့ နံနက် ၈ နာရီခန့်က မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုမှာ အမှတ် (၃) ရပ်ကွက် ဘုတ်ဆိပ်အနီးရှိ မြို့မဈေးကြီး ဗိုလ်ချင်းပျံလမ်း တစ်လျှောက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဈေးအတွင်းရှိ စက်သုံးဆီဆိုင်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ရာ လူနေအိမ်များလည်း လောင်ကျွမ်းသွားကြောင်း ပေါက်တောမြို့ အမှတ် (၅) ရပ်ကွက်နေ ကိုမောင်ခင်ဆန်းက ပြောသည်။

“ဘုတ်ဆိပ်ကတက်တာနဲ့ ဈေးပါ။ အဲဒီဈေးထဲမှာ ရေနံဆီရောင်းတဲ့ ဆိုင်တွေရှိပါတယ်၊ အဲဒီဆိုင်က စပြီးလောင်ပြီးတော့ ဘုတ်ဆိပ်ဖောင်တော်ရယ် စက်လှေတစ်စီး ၊ ဈေးဆိုင်ခန်း ၁၀ ကျော်နဲ့ လူနေအိမ်တွေ ပါသွားပါတယ်။”ဟုပြောသည်။

ယင်းမီးလောင်ကျွမ်းမှုမှာ ၂ နာရီခန့်အကြာတွင် မီးသတ်တပ်ဖွဲ့အပါအဝင် မြို့သူမြို့သားများ၏ ဝိုင်းဝန်းကူညီမှုဖြင့် မီးငြိမ်သတ်နိုင်ခဲ့ကြောင်း သိရသည်။

“မီးလောင်ပြီး ခဏကြာတော့ မီးသတ်တပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရောက်လာပြီးတော့  ငြိမ်းသတ်လိုက်ကြတယ် ခုတော့ ငြိမ်သွားပါပြီ။ လူ ၇ ဦး လောက်ဒဏ်ရာရရှိပါတယ်။ တစ်ဦးကတော့ ဒဏ်ရာနည်းနည်းပြင်းတော့ ပေါက်တောမြို့ ဆေးရုံကို တင်ထားပါတယ်။”ဟု သူကပြောသည်။

မီးငြိမ်းသတ်ရာတွင် ထိခိုက်ဒါဏ်ရာရရှိခဲ့ကြသည့် လူနာများထဲမှ ဒါဏ်ရာပြင်ထန်သူများအား ပေါက်တောမှ စစ်တွေဆေးရုံသို့ပို့ဆောင်က ဆေးကုသပေးလျှက်ရှိကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly