ရခိုင်လူငယ်ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများ နိုင်ငံတော်အဆင့် ခွင့်ပြုချက်လိုအပ်

ရခိုင်လူငယ်ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများ နိုင်ငံတော်အဆင့် ခွင့်ပြုချက်လိုအပ်

ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ရခိုင်လူငယ်ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာ တစ်ချို့မှာ နိုင်ငံတော်အဆင့်မှ ခွင့်ပြုချက် ရရှိရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချူပ် ဦးညီပုက ပြောသည်။

“ကိုယ့်ပြည်နယ်မှာ စီမံခန့်ခွဲပိုင်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေဆိုတာက ပြည်ထောင်စုနဲ့ပဲ သက်ဆိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ခင်ဗျားတို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အနေအထားမျိုး လောက်တော့ လုပ်လို့ရပါတယ်။ တကယ်အဆုံးအဖြတ် ပေးရမယ့်ဟာကတော့ ပြည်ထောင်စုနဲ့ပဲ သက်ဆိုင်ပါတယ်”ဟု ဦးညီပုက ပြောသည်။

လူငယ်ညီလာခံအား ဒီဇင်ဘာလတွင် တောင်ကုတ်မြို့နယ်၌ ကျင်းပရန် စီစဉ်ထားပြီး ဆွေးနွေးမည့် အကြောင်းအရာ များတွင် ပြည်နယ်အတွင်း စီမံခန့်ခွဲပိုင်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်များအပါအဝင် တရားဥပဒေစိုးမိုးရေးတို့ ပါဝင်မည် ဖြစ်သည်။

“ဘာကြောင့် ညီလာခံလုပ်ဖို့ လိုအပ်သလဲဆိုရင် ကျွန်တော်တို့ ရခိုင်လူငယ်တွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ ကဏ္ဍအသီးသီးမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်လာတာ တွေ့နေရတယ်။ ဒါကြောင့် ကျွန်တော်တို့က ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ဖို့အတွက် ဘယ်နေရာကနေ ပါဝင်ပြီး လုပ်ရမှာလဲ။ ဒါလုပ်ကိုလုပ်ရမဲ့အပိုင်း ဆိုပြီးတော့ လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်”ဟု ညီလာခံဖြစ်မြောက်ရေး ဦးဆောင်ကော်မတီဝင် ကိုအောင်နိုင်က ပြောသည်။

ထို့ကြောင့် ရခိုင်လူငယ်ထုတစ်ခုလုံးနှင့် သက်ဆိုင်သည့် ညီလာခံတစ်ရပ်ကို ကျင်းပနိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နှစ်လယ်လောက်မှ စတင်လာခဲ့ခြင်းဖြစ်ကာ ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ အကြိုညီလာခံတစ်ရပ်ကို မာန်အောင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ရာ ယင်းမှ သဘောတူခဲ့ကြသည့် ဆုံးဖြတ်ချက်များအပေါ် အခြေခံကာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ညီလာခံကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ယင်းအပြင် ၂၁ ရာစု ပင်လုံညီလာခံတွင် တက်ရောက်ဆွေးနွေးနိုင်ရန် တစ်မျိုးသားလုံးအား ကိုယ်စားပြုသည့် ဘုံသဘောတူ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် အမျိုးသားအဆင့်   နိုင်ငံရေးဆွေးနွေးပွဲကို ရခိုင်ပြည်နယ်အတွင်း ပြုလုပ်ကျင်းပခွင့် မရရှိသေးကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly